Eleven Media Group

စပိန်ပဥ္စမတန်းကလပ် ကော်နယ်လာအသင်းကို မက်ဆီ ဝယ်ယူ

Photo: X

အင်တာမိုင်ယာမီအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီဟာ စပိန်ပဥ္စမတန်းကလပ် ကော်နယ်လာအသင်းကို ဝယ်ယူလိုက်ကြောင်း သိရပါတယ်။
ကော်နယ်လာအသင်းဟာ ကာတာလိုးနီးယားဒေသမှာ အခြေစိုက်ထားတဲ့အသင်းဖြစ်ပြီး ၁၉၅၁ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။
ကော်နယ်လာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်စတုတ္ထတန်းမှာ ယှဉ်ပြိုင်ခဲ့ပေမဲ့ တန်းဆင်းခဲ့ရတာကြောင့် ဒီရာသီမှာတော့ ပဥ္စမတန်းမှာ ယှဉ်ပြိုင်နေရပါတယ်။
ကော်နယ်လာအသင်းဟာ ကြယ်ပွင့်ကစားသမားတချို့ကို မွေးထုတ်ပေးနိုင်တဲ့ အကယ်ဒမီရှိတဲ့အသင်းအဖြစ် ဘောလုံးလောကမှာ ထင်ရှားပြီး အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာ၊ ဘာစီလိုနာကစားသမားဟောင်း အယ်လ်ဘာတို့ဟာ ကော်နယ်လာအကယ်ဒမီမှာ ဖြတ်သန်းခဲ့သူတွေဖြစ်ကြောင်း သိရပါတယ်။
''လီယွန်နယ်မက်ဆီ ရောက်ရှိလာတာဟာ အသင်းရဲ့သမိုင်းမှာ ကဏ္ဍသစ် စတင်မယ့် အမှတ်လက္ခဏာပါပဲ။ အားကစားပိုင်းရော အဖွဲ့အစည်းအလိုက်တိုးတက်မှုရှိဖို့ပါ လုပ်ဆောင်သွားဖို့ ရည်မှန်းထားပြီး အရည်အသွေးမြင့်ကစားသမားတွေအတွက်လည်း ရင်နှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာပါ'' လို့ ကော်နယ်လာအသင်းက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
မက်ဆီက အင်တာမိုင်ယာမီအသင်းဖော် လူးဝစ်ဆွာရက်ဇ်ပိုင်ဆိုင်တဲ့ ဥရုဂွေးကလပ်အသင်းတစ်သင်းမှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားပေမဲ့ ကော်နယ်လာအသင်းကတော့ ပထမဆုံးပိုင်ဆိုင်တဲ့ ကလပ်အသင်း ဖြစ်လာကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group