Eleven Media Group

အာဆင်နယ်ဂိုးသမားဟောင်း မန်နင်ဂါ ကားနဲ့ရထား တိုက်မိတာကြောင့် အသက်(၄၈)နှစ်အရွယ်မှာ ကွယ်လွန်

Photo: X

ပရီးမီးယားလိဂ်ခေတ်ဦးကာလအတွင်း အာဆင်နယ်အသင်းရဲ့ ဂိုးသမားတစ်ဦးဖြစ်ခဲ့တဲ့ အဲလက်စ်မန်နင်ဂါဟာ ကားနဲ့ရထား တိုက်မိတာကြောင့် အသက်(၄၈)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
သြစတြီးယားလက်ရွေးစင်ဂိုးသမားဟောင်းဖြစ်တဲ့ မန်နင်ဂါဟာ မနေ့က ဒေသစံတော်ချိန် မနက်(၈း၃၀)ဝန်းကျင်မှာ ဆာလ်ဇ်ဘာ့ဂ်မြို့နားက ရထားလမ်းကူးတစ်ခုကို ကားနဲ့ ဖြတ်မောင်းစဉ် ခရီးသည်တင် ရထားတစ်စင်းနဲ့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
မန်နင်ဂါဟာ ဆာလ်ဇ်ဘာ့ဂ်အသင်းမှာ ကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး ဂရေဇာအသင်းကတစ်ဆင့် ၁၉၉၇ ခုနှစ်မှာ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့တာပါ။
အာဆင်နယ်အသင်းမှာ ဒေးဗစ်ဆီးမင်းရဲ့ အရန်အဖြစ်သာ ရပ်တည်ခဲ့ရတာကြောင့် (၅)နှစ်တာကာလအတွင်း ပြိုင်ပွဲစုံ (၆၄)ပွဲသာ ကစားခဲ့ရပါတယ်။
အာဆင်နယ်နဲ့ လမ်းခွဲပြီးနောက် အီတလီကလပ်တွေမှာ ပြောင်းရွှေ့ကစားခဲ့သလို၊ ၂၀၁၆ မှာ လီဗာပူးလ်အသင်းနဲ့လည်း ကာလတိုစာချုပ် ချုပ်ဆိုခဲ့ပေမဲ့ ပွဲကစားရခြင်းမရှိဘဲ ၂၀၁၇ မေလမှာ ကစားသမားဘဝက အနားယူခဲ့ပါတယ်။
သြစတြီးယားလက်ရွေးစင်အသင်းအတွက် (၃၃)ပွဲ ကစားပေးခဲ့တဲ့ မန်နင်ဂါ ကွယ်လွန်သွားခြင်းအတွက် အသင်းဟောင်းတွေနဲ့အတူ ဥရောပဘောလုံးအဖွဲ့ချုပ်ကလည်း ဝမ်းနည်းကြေကွဲကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group