Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF ငါးဦးက ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသွားပြီး လယ်ကွင်းအတွင်း ပစ်သတ်လိုက်မှု မုဒုံတွင်ဖြစ်ပွား

နေမိုး
၂၂. ၄. ၂၀၂၆

နေအိမ်တွင်ရှိနေသည့် အမျိုးသားတစ်ဦးကို PDF ငါးဦးက ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး လယ်ကွင်းအတွင်း ပစ်သတ်လိုက်မှု မုဒုံမြို့တွင် ဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဧပြီ ၁၉ ရက် နံနက် ၉ နာရီ ၂၅ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ရပ်ကွက်ရှိ လယ်ကွင်းအတွင်း၌ ကျည်ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဧပြီ ၁၈ ရက် ညနေ ၆ နာရီ ၃၀ မိနစ်တွင် အဆိုပါရပ်ကွက်နေ ဦးချမ်းဆော(၃၆)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ငါးဦး ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်ကာ ရပ်ကွက်အနီးရှိ လယ်ကွင်းအတွင်း၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News