Myanmar Transparency News

ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲ မီးထွန်းရာမှ သာကေတတွင် နေအိမ်နှစ်လုံးမီးလောင်မှု ယနေ့ဖြစ်ပွား

၆.၅.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ထူပါရုံ(၁)ရပ်ကွက်၊ ထူပါရုံ (၄)လမ်းတွင် ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲထွန်းရာမှ နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးမှု ယနေ့ မေလ ၆ ရက် နံနက် ၃ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ထိုဖြစ်စဥ်မှာ သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း နှစ်ထပ်လူနေအိမ်တွင် ခြင်ဆေးခွေကို အောက်ခံခွက်မပါဘဲထွန်းရာမှ ခြင်ဆေးခွေလဲကျပြီး အောက်ရှိ အဝတ်အထည်နှင့်ကောဇောများကို မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ပျဥ်ခင်း နှစ်ထပ်လူနေအိမ် နှစ်လုံးနှင့် အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သော်လည်း လူထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် သုံးစီး၊ ရေသယ်ယာဥ် လေးစီးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင် ၅၀ ခန့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၇ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

နေအိမ်နှစ်လုံးမီးလောင်မှုကြောင့် အသက် ၅၈ နှစ်အရွယ် အိမ်ရှင်အမျိုးသမီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် သာကေတမြို့မရဲစခန်းက အမှုဖွင့်ထားသည်။

မေလ ၅ ရက် ညနေပိုင်းကလ​ည်း သာကေတမြို့နယ် ၁၀/တောင် (၁၃) ရပ်ကွက်၊ ဘဏ္ဍာလမ်းရှိ နှစ်ခန်းတွဲ လေးထပ်တိုက်၏ ပထမထပ် ညာဘက်တိုက်ခန်းတွင် အဲယာကွန်း Safeguard အဝင်ကြိုးအပူလွန်ကဲ၍ မီးလောင်ခဲ့ရာမှ အဲယားကွန်း၊ ခြင်ထောင်၊ မွေ့ယာ၊ အဝတ်အစားများ မီးလောင်ဆုံးရှုံးခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News