Myanmar Transparency News

မလေးရှားနိုင်ငံ၊ ဂျိုဟောပြည်နယ်အတွင်း ဖာရာရီယာဥ်တစ်စီးတိမ်းမှောက်မှု စင်ကာပူနိုင်ငံသား နှစ်ဦး မီးလောင် သေဆုံး

၁၀.၅.၂၀၂၆
Translated by Htwe Ko Tun

မလေးရှားနိုင်ငံ ဂျိုဟောပြည်နယ်၊ ကမ်းရိုးတန်းမြို့ မာဆင်းသို့ ဦးတည်မောင်းနှင်နေသော ဖာရာရီ အားကစားယာဥ်တစ်စီးက အရှိန်ဖြင့်မောင်းနှင်လာစဉ် လမ်းချော်ကာ ယာဉ်မတော်တဆတိုက်မိမှုတစ်ခု ဖြစ်ပွားပြီး မီးလောင်မှုတစ်ခု မေလ ၉ ရက် နံနက် ၉ နာရီခန့်က ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဖြစ်သူနှင့် ရှေ့ခန်းတွင်ထိုင်၍လိုက်ပါလာသော အမျိုးသမီးခရီးသည်တစ်ဦး သေဆုံးခဲ့ကြောင်း ကိုတာတင်ဂီခရိုင်ရဲတပ်ဖွဲ့က လူမှုကွန်ရက် Facebook တွင် ရေးသားခဲ့သည်။ ၎င်းတို့နှစ်ဦးစလုံးက စင်ကာပူနိုင်ငံသားများ ဖြစ်ကြောင်းလည်းသိရသည်။

“မတော်တဆမှုတွင် ဖာရာရီကားကို အသက် ၃၄ နှစ်အရွယ် နိုင်ငံခြားသားအမျိုးသားတစ်ဦးမောင်းနှင်ပြီး အသက် ၃၃ နှစ်အရွယ် နိုင်ငံခြားသားအမျိုးသမီးတစ်ဦးသည် ရှေ့ခန်းခရီးသည်အဖြစ် လိုက်ပါလာကြောင်း ရဲတပ်ဖွဲ့က ထပ်လောင်းပြောကြားခဲ့သည်။

ဖြစ်ရပ်တွင် ယာဉ်မောင်းနှင့် ရှေ့ခန်းခရီးသည်နှစ်ဦးစလုံး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကားမီးလောင်မှုအတွင်း မီးလောင်ဒဏ်ရာများလည်း ရရှိကာ အခင်းဖြစ်ပွားရာနေရာတွင် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

အလောင်းများကို နောက်ထပ်လုပ်ထုံးလုပ်နည်းများအတွက် ကိုတာတင်ဂီဆေးရုံ မှုခင်းဆိုင်ရာဌာနသို့ ပို့ဆောင်ခဲ့သည်။

ရဲတပ်ဖွဲ့မှ ထုတ်ပြန်ခဲ့သော အခင်းဖြစ်ပွားရာနေရာ၏ ဓာတ်ပုံတွင် ဖာရာရီကားမှာ လုံးဝပျက်စီးနေပြီး လမ်းပေါ်တွင် အပျက်အစီးများ ပြန့်ကျဲနေသည်ကို တွေ့ရသည်။

ရဲတပ်ဖွဲ့က အမှုကို ပေါ့ဆမှု သို့မဟုတ် အန္တရာယ်ရှိသော မောင်းနှင်မှုကြောင့် လူသေဆုံးမှုအတွက် လမ်းသယ်ယူပို့ဆောင်ရေးဥပဒေ ပုဒ်မ ၄၁(၁) အရ စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။

လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အများပြည်သူအနေဖြင့် သတိရှိရှိနေထိုင်ရန်နှင့် ယာဉ်ကြောစည်းကမ်းများကို လိုက်နာရန်ရဲတပ်ဖွဲ့က အကြံပြုထားသည်။

Ref- CNA

မူရင်းသတင်း — Myanmar Transparency News