Myanmar Transparency News

အလှူခံရငွေ ကိုယ်ကျိုးသုံး လိမ်လည်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် ထိုင်းပရဟိတမင်းသမီးပနတ်ဒါနှင့် ဆက်စပ်နေသော ကွန်ဒိုခန်းများမှ ဘတ်သန်းချီတန်ဖိုးရှိ ဒီဇိုင်နာလက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာများကို ရဲတပ်ဖွဲ့ သိမ်းဆည်းရမိ

သက်တံ့

၁၁. ၁၁. ၂၀၂၆

ပရဟိတအကြောင်းပြ အလှူခံရငွေ ကိုယ်ကျိုးသုံး လိမ်လည်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခံထားရသည့် မင်းသမီး ပနတ်ဒါ “ဘွန်း” ဝေါင်ဖူဒီး (Panadda “Boom” Wongphudee) ပိုင်ဆိုင်သော ဘန်ကောက်မြို့ရှိ ကွန်ဒိုအခန်းနှစ်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေခဲ့ရာ ဘတ်သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ဒီဇိုင်နာလက်ကိုင်အိတ်များနှင့် လက်ဝတ်ရတနာပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။

စီးပွားရေးရာဇဝတ်မှု နှိမ်နင်းရေးဌာနခွဲ (ECD) အမှတ် (၄) ဌာနစိတ်မှူး ရဲမှူးကြီး ချမ်နန် ချန်သက်စ် (Chamnarn Chanthes) ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ရှာဖွေဝရမ်းများဖြင့် ဆွိုင် ရတ်ချာခရူး (Soi Ratchakhru) လမ်းရှိ ကွန်ဒိုတစ်ခန်းနှင့် ဆူခွန်ဗစ် (Sukhumvit) လမ်းရှိ ကွန်ဒိုတစ်ခန်းတို့ကို ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ကွန်ဒိုနှစ်ခန်းစလုံးကို မစ္စ ပနတ်ဒါက ယခင်က ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။

ECD စုံစမ်းစစ်ဆေးရေးမှူးများ၏ အဆိုအရ နိုဝင်ဘာ ၆ ရက်နေ့က နာဝါမင် (Nawamin) နယ်မြေရှိ မစ္စ ပနတ်ဒါ၏ နေအိမ်ကို ရဲတပ်ဖွဲ့က မရှာဖွေမီ CCTV မှတ်တမ်းများကို ပြန်လည်စစ်ဆေးခဲ့ရာ ယာဉ်များသည် အဆိုပါနေအိမ်သို့ နှစ်ကြိမ်တိုင်တိုင် ဝင်ထွက်သွားလာခဲ့ပြီး နှစ်ကြိမ်စလုံးတွင် အဆိုပါ ကွန်ဒိုနှစ်ခုသို့ သွားရောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

ထို့နောက် စုံစမ်းစစ်ဆေးရေးမှူးများသည် ရှာဖွေဝရမ်းများ ရယူကာ အဆိုပါကွန်ဒိုများကို ဝင်ရောက်စစ်ဆေးခဲ့ရာ စုစုပေါင်း ခန့်မှန်းတန်ဖိုး ဘတ်သန်းပေါင်းများစွာ ရှိသည့် လက်ဝတ်ရတနာ အမြောက်အမြားနှင့် ဇိမ်ခံအမှတ်တံဆိပ် လက်ကိုင်အိတ်များကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အဆိုပါပစ္စည်းများကို ဆက်လက်စစ်ဆေးရန် သိမ်းဆည်းထားသည်။

အစောပိုင်းက မစ္စ ပနတ်ဒါ၏ ပင်မနေအိမ်မှ သိမ်းဆည်းရမိခဲ့သော ဒီဇိုင်နာလက်ကိုင်အိတ် ၃၂ လုံးကို စစ်ဆေးရန်အတွက် Louis Vuitton နှင့် Hermès အပါအဝင် ထိပ်တန်းဇိမ်ခံအမှတ်တံဆိပ်များမှ ကိုယ်စားလှယ်များက ရက်ရွှေ့ဆိုင်းပေးရန် တောင်းဆိုခဲ့သည်။ အစပိုင်းတွင် အတုများဟု ယူဆခဲ့ကြသည့် အဆိုပါအိတ်များကို အင်္ဂါနေ့တွင် စစ်ဆေးရန် စီစဉ်ထားသော်လည်း ဗုဒ္ဓဟူးနေ့သို့ ပြန်လည်ရွှေ့ဆိုင်းခဲ့ခြင်း ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် မစ္စ ပနတ်ဒါ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် Goodness ဖောင်ဒေးရှင်းပိုင် မော်တော်ယာဉ် ၅ စီးကို အမှုတွင် သက်သေခံပစ္စည်းအဖြစ် ထိန်းသိမ်းထားရန်အတွက် ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို (CIB) တိုင်ကြားစာလက်ခံဌာနရှေ့ရှိ ကားပါကင်နေရာသို့ ECD အရာရှိများက ယူဆောင်လာခဲ့သည်ကို သတင်းထောက်များက တွေ့မြင်ခဲ့ရသည်။

ဖောင်ဒေးရှင်းပိုင် အဆိုပါယာဉ် ၅ စီးမှာ ချွန်ဘူရီ (Chon Buri) လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော အဖြူရောင် Toyota Commuter ခရီးသည်တင်ဗင်ကား တစ်စီး၊ ဘန်ကောက် လိုင်စင်နံပါတ်ပြားတပ်ဆင်ထားသော အနက်ရောင် Mitsubishi Triton ပစ်ကပ်ကား တစ်စီး၊ အဖြူရောင် Toyota Hilux ပစ်ကပ်ကား တစ်စီး၊ အဖြူရောင် Toyota Hilux Revo ပစ်ကပ်ကား တစ်စီးနှင့် အဖြူရောင် Toyota Alphard HEV Executive Lounge E-Four ကား တစ်စီးတို့ ဖြစ်သည်။ ယာဉ် ၅ စီးစလုံး၏ လေကာမှန်များတွင် “သက်သေခံပစ္စည်း၊ ECD အမှတ် (၄) ဌာနစိတ်” ဟု ရေးသားထားသည့် သတိပေးစာရွက်များ ကပ်ထားပြီး အဆိုပါနေရာတွင် ရပ်နားထားသည်။

အဆိုပါယာဉ်များကို အင်္ဂါနေ့ ညနေပိုင်းကတည်းက ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း တာဝန်ကျအရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ယာဉ်များပေါ်မှ Goodness ဖောင်ဒေးရှင်း၏ အမှတ်တံဆိပ်များကိုလည်း ခွာထားပြီး ဖြစ်သည်။

ပဉ္စမမြောက်ယာဉ်ဖြစ်သည့် Toyota Alphard ကားမှာ မစ္စ ပနတ်ဒါ၏ ကိုယ်ပိုင်ကားဖြစ်သည်ဟု ယူဆရသည်။ ထို့ပြင် ယာဉ်၏ အရှေ့ဘက်တွင် လွှတ်တော်ဝင်းအတွင်း ဝင်ထွက်ခွင့်ပြုသည့် လွှတ်တော်အမှတ်တံဆိပ်ပါ ဖြတ်သန်းခွင့်ကတ်ပြားတစ်ခု ချိတ်ဆွဲထားသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

၂၀၀၀ ပြည့်နှစ်က ထိုင်းအလှမယ်ဖြစ်ခဲ့သူ အသက် ၅၀ အရွယ် သရုပ်ဆောင် မစ္စ ပနတ်ဒါနှင့် အသက် ၅၃ နှစ်အရွယ် ၎င်း၏ခင်ပွန်းဖြစ်သူ အာတစ် အနန္တဝမ် (Atip Anantawan) တို့သည် ၎င်း၏ဖောင်ဒေးရှင်းအတွက် အလှူငွေကောက်ခံလှုံ့ဆော်မှုများနှင့် ဆက်စပ်၍ အများပြည်သူအား လိမ်လည်မှု၊ ငွေကြေးခဝါချမှုနှင့် ကွန်ပျူတာဆိုင်ရာ ရာဇဝတ်မှုများဖြင့် တရားစွဲဆိုခံထားရသည်။ ကောက်ခံမှုများအရ အလှူငွေ ဘတ်သန်း ၈၀၀ ကျော် ရရှိခဲ့ကြောင်း သတင်းများအရ သိရသည်။

၎င်းတို့ဇနီးမောင်နှံကို သောကြာနေ့က ဖမ်းဆီးခဲ့ပြီး ချုပ်နှောင်ထားရန် အမိန့်ချမှတ်ခဲ့သည်။ မစ္စ ပနတ်ဒါကို ဗဟိုအမျိုးသမီး အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး မစ္စတာ အာတစ်ကို ဘန်ကောက် အချုပ်ထောင်သို့ ပို့ဆောင်ထားသည်။

Ref: Bangkok Post

မူရင်းသတင်း — Myanmar Transparency News