Myanmar Digital News

ကာရစ်ကို နည်းပြအဖြစ်မှ မန်ယူအသင်း ထုတ်ပယ်နိုင်ခြေရှိ

မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီတွင် နှစ်နှစ်စာချုပ် ချုပ်ဆိုထားသော မိုက်ကယ်ကာရစ်ကို အသင်းနည်းပြအဖြစ်မှ ထုတ်ပယ်နိုင်ခြေရှိကြောင်း သိရသည်။

 

မန်ယူအသင်းဘုတ်အဖွဲ့သည် ယခုလာမည့် နိုင်ငံတကာရက်သတ္တပတ်အတွင်း နည်းပြ၏ အခြေအနေကို သုံးသပ်သွားဖွယ်ရှိနေသည်။

 

မန်ယူအသင်းသည် နိုဝင်ဘာ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ပရီမီယာလိဂ် ပွဲစဉ် ၁၀ တွင် အက်စတွန်ဗီလာအသင်းကို တစ်ဖက်လေးဂိုးစီ သရေကျပြီးနောက် အမှတ်ပေးဇယားတန်းဆင်းဇုန်အတွင်း ကျရောက်ခဲ့ပြီး နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ရာသီစတင်မှုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

 

ကာရစ်၏နေရာကို အစားထိုးခန့်အပ်ရန် နယူးကာဆယ်နည်းပြဟောင်း အက်ဒီဟောင်း၊ ဂျာမနီနည်းပြဟောင်း နဂယ်စမန်း၊ ချယ်ဆီးနည်းပြဟောင်း ကွန်တီ၊ စပါးနည်းပြဟောင်း ပိုချက်တီနိုတို့ ထင်ကြေးပေးခံနေရကြောင်း သိရသည်။

 

အဆိုးရွားဆုံးရပ်တည်မှုဖြစ်လာ

 

မန်ယူအသင်းသည် ပရီမီယာလိဂ် ၁၀ ပွဲ ယှဉ်ပြိုင်ကစားအပြီးတွင် တစ်ပွဲသာနိုင်ပွဲရရှိပြီး အဆင့် ၁၈ တွင် ရပ်တည်နေသည့်အတွက် ၁၉၈၆-၈၇ ရာသီနောက်ပိုင်း အဆိုးရွားဆုံး ရပ်တည်မှုဖြစ်လာသည်။ ထို့အပြင် နည်းပြကာရစ်သည် ယခုနှစ်ရာသီအတွင်း မန်ယူအသင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပြိုင်ပွဲစုံ ၁၅ ပွဲတွင် သုံးပွဲသာ နိုင်ပွဲရရှိအောင် စွမ်းဆောင်ထားနိုင်သည်။

 

မန်ယူအသင်းသည် ပရီမီယာလိဂ် ၁၀ ပွဲကစားပြီးချိန်တွင် တိုက်စစ် က ၁၄ ဂိုးသာ ရရှိပြီး ခံစစ်က ၁၉ ဂိုးအထိ ပြန်လည်ခွင့်ပြုပေးထားရ သည့်အတွက် ခံစစ်အဆိုးရွားဆုံး စာရင်းထဲလည်း ပါဝင်နေသည်။

မန်ယူအသင်းသည် လာမည့်နိုဝင်ဘာ ၂၂ ရက်တွင် အန်းဖီးလ်ကွင်း၌ နာမည်ကြီး လီဗာပူးအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

အောင်ဇော်

မူရင်းသတင်း — Myanmar Digital News