Myanmar Transparency News

နေအိမ်တွင်ရှိနေသည့် ဇနီးမောင်နှံကို ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF လေးဦးက ဒလန်စွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်သဖြင့် နှစ်လောင်းပြိုင်သေဆုံး

နေမိုး
၁၆. ၅. ၂၀၂၆

ဆိုင်ကယ်နှစ်စီးဖြင့်ရောက်လာသည့် PDF လေးဦးက လက်နက်မဲ့ဇနီးမောင်နှံကို ဒလန်ဟုစွပ်စွဲကာ ပစ်ခတ်သတ်ဖြတ်လိုက်မှု ရွာငံမြို့တွင် ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ မေ ၁၃ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ဦးဆန်းလွင်ထူး(၅၆)နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဆွေအိမ်သီ(ခ)ဒေါ်စန်းထူး(၄၇)နှစ်နှင့်အတူ နေအိမ်၌ ရှိနေစဉ် PDF လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး ၎င်းတို့ ဇနီးမောင်နှံကို သတင်းပေးဒလန်ဟု စွပ်စွဲကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နောက်ဆုံးထုတ်ပြန်ချက်များအရ နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယမန်နှစ် ဒီဇင်ဘာလ ၂၆ ရက်အထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၉၉၀၈ ဦး သေဆုံးခဲ့ကာ ၁၃၀၁၁ ဦး ဒဏ်ရာရရှိခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News