Myanmar Transparency News

၂၂ ဘီးယာဥ်နှင့် ၆ ဘီးယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ ယာဥ်မောင်းတစ်ဦးသေဆုံး​ပြီး သုံးဦးဒဏ်ရာရမှု မင်္ဂလာဒုံတွင် ဖြစ်ပွား

၁၆.၅.၂၀၂၆
Written by KL

မောင်းနှင်လာသည့် ၂၂ ဘီးယာဥ်တစ်စီးက ၆ ဘီးယာဥ်ကို မျက်နှာချင်းဆိုင် ဝင်တိုက်ရာမှ ယာဥ်မောင်းတစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိမှု မေလ ၁၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းမကြီး၊ Dagon Golf City အရှေ့တွင် ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ခရေပင်လမ်းခွဲမှ ဒညင်းကုန်းသို့ မောင်းနှင်လာသော Nissan ၂၂ ဘီး တွဲကားအဖြူအစိမ်းယာဥ်မှာ တညင်းကုန်းမှ ခရေပင်လမ်းခွဲသို့ မောင်းနှင်လာသော Nissan ၆ ဘီးဖြူစိမ်းယာဥ်နှင့် မျက်နှာချင်းဆိုင် တိုက်မိပြီး ၂၂ ဘီးယာဥ်မောင်းမှာ ကားခေါင်းအတွင်း ညပ်နေခဲ့ကြောင်းသိရသည်။

ကားခေါင်းခန်းတွင် ညပ်နေသည့် အသက် ၃၆ နှစ်အရွယ် ဦးလှမျိုးသန်းကို မင်္ဂလာဒုံမြို့မမီးသတ်စခန်းက သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်၂၀ ခန့်က ဝိုင်းဝန်းကယ်ဆယ်ခဲ့ရာ ၁၀ မိနစ်အကြာတွင် ကယ်ထုတ်နိုင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။

“၂၂ ဘီးကားက ယာဥ်မောင်းက ကားခေါင်းခန်းထဲမှာပဲ ဆုံးသွားတယ်။ တိုက်တဲ့အရှိန်ကလည်း တော်တော်ပြင်းတယ်။ ကျန်တဲ့ဒဏ်ရာရသူ သုံးယောက်မှာ ကလေးတစ်ယောက်ပါတယ်၊ အသက်အန္တရာယ်စိုးရိမ်စရာမရှိပါဘူး”ဟု ကယ်ဆယ်ရေးဆောင်ရွက်သူတစ်ဦးကပြောသည်။

သေဆုံးသူကို သွေးပရဟိတ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့်လည်းကောင်း၊ ဒဏ်ရာကလူနာသုံးဦးကို ရွှေမေတ္တာ လူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင် သူနာတင်ယာဉ်ဖြင့် အင်းစိန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News