
မလေးရှားနိုင်နှင့် ဘရူနိုင်းနိုင်ငံမှ ထုတ်လုပ်သည့် အလှကုန်ပစွည်း သုံးမျိုးအား သုံးစွဲရန်မသင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိသည်။
အာဆီယံဒေသတွင်းနိုင်ငံများ၏ Post - Marketing Alert System (PMAS) Report အစီအစဉ်အရ အာဆီယံနိုင်ငံအသီးသီးမှ တွေ့ရှိရသော သုံးစွဲရန်မသင့်သည့် အောက်ဖော်ပြပါ အလှကုန်ပစ္စည်း(၃)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေး အတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများပါဝင်ခြင်း၊ ဓာတ်ခွဲစစ်ဆေးချက်ရလဒ်များ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် အများပြည်သူလူထုသုံးစွဲရန် မသင့်တော်ပါကြောင်း အသိပေးအပ်ပါသည်။
အဆိုပါ ပစ္စည်းများမှာ မလေးရှားနိုင်ငံထုတ် GLOWING /NIGHT TREATMENT (NA)တွင် Hydroquinone, Tretinoin and Betamethasone 17-valerateပါဝင်ကြောင်းနှင့်GLOWING HERBAL TREATMENT (NA)တွင် Mercury and Betamethasone 17-valerate ပါဝင်ကြောင်း သိရသည်။
အလားတူ ဘရူနိုင်းနိုင်ငံထုတ် ROSE /White & Natural Cream Moisturizerတွင် Mercuryပါဝင်ကြောင်း သိရသည်။
အဆိုပါ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့်စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်သည်။
အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်နှင့် Online Shopping ဖြင့် ရောင်းချသူများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင် ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း ဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်း မရှိပါက သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်သည်။