
■ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေရှစ်သန်းကျော် သေဆုံးနေရ
မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၀ နှစ်ကထက် ဆေးလိပ်သောက်သုံးမှုနှုန်း၊ ကွမ်းယာ အပါအဝင် ဆေးရွက်ကြီးသုံးစွဲမှုနှုန်း လျော့ကျလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းက ပြောကြားသည်။
ဇွန် ၁ ရက်က ၂၀၂၆ ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ Meeting Hall တွင် ဇွန် ၁ ရက်၌ ကျင်းပခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးက ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုအန္တရာယ်ကို အများပြည်သူအား အသိပညာပေးရန်နှင့် နိုင်ငံအလိုက် ဆောင်ရွက်နေကြသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများ သောက်သုံးမှုထိန်းချုပ်ရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရေး ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “Unmasking the appeal; Countering nicotine and tobacco addiction” ဖြစ်ပြီး “နီကိုတင်းနှင့် ဆေးရွက်ကြီး စွဲလမ်းမှုကို တိုက်ဖျက်ဖို့ အားလုံးဝိုင်းဝန်းဆောင်ရွက်စို့” ဟု မြန်မာဘာသာပြန်ဆိုထားပါကြောင်း ကမ္ဘာတစ်ဝန်းမှာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းသုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေရှစ်သန်းကျော် သေဆုံးနေရကြောင်း ပြောကြားသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးလုပ်ငန်းများက ကလေးသူငယ်များနှင့် လူငယ်များကို ဆွဲဆောင်နိုင်သော ထုတ်ကုန်များကို အသုံးပြု၍ အရောင်းမြှင့်တင်ခြင်း၊ ကြော်ငြာခြင်းနှင့် ဈေးကွက်ချဲ့ထွင်မှုများကို အဓိကထားတိုက်ဖျက်ရန်ဖြစ်ကြောင်း၊ အီလက်ထရောနစ် စီးကရက်နှင့် ဆေးလိပ်နှင့်ဆေးရွက်ကြီး ထုတ်ကုန်များ၏ ဖုံးကွယ်ထားသော အန္တရာယ်များအကြောင်းကို ကျောင်းသားလူငယ်များ သိရှိနားလည်စေရန် ပညာပေးအစီအစဉ်များ ဆက်လက်ဆောင်ရွက်ပေးရမှာဖြစ်ကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် “ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများကို စံသတ်မှတ်ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြခြင်းဆိုင်ရာအမိန့်” ကို စတင်အာဏာသက်ရောက်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အီလက်ထရောနစ် အငွေ့ရှူစက်ဖြစ်သည့် အီလက်ထရောနစ် အပူပေးအငွေ့ရှူစက်၊ အီလက်ထရောနစ် ရှီရှားနှင့် ယင်းတို့၏ ဆက်စပ်ပစ္စည်းတို့ကို တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ရောင်းဝယ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သိုလှောင် ခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ အသုံးပြုခြင်းပြုပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူခြင်းခံရမည်ဆိုသော တားမြစ်မိန့်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆောင်ရွက်ခဲ့သော ၂၀၂၄ ခုနှစ် သုတေသနအရ ဆေးလိပ်သောက်သုံးမှုနှုန်း၊ ကွမ်းယာ အပါအဝင် ဆေးရွက်ကြီးသုံးစွဲမှုနှုန်းသည် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက လျော့နည်းကျဆင်းလာခဲ့သဖြင့် အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လာနိုင်ခြင်း၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများအပေါ် အခွန်တိုးမြှင့် ကောက်ခံလာခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေများ တိုးချဲ့လာနိုင်ခြင်းတို့ရဲ့ အောင်မြင်မှုရလဒ်များဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံဆေးလိပ်ငွေ့ကင်းစင်ဆု တတိယဆုကို ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေဒေသမှ ထိုက်တန်စွာရရှိခဲ့ကြောင်း၊ အနာဂတ်မျိုးဆက်သစ်များ ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့် ပြည့်စုံစေရေးအတွက် နီကိုတင်းနှင့် ဆေးလိပ်ဆေးရွက်ကြီးစွဲလမ်းမှုများ၏ ဆွဲဆောင်မှုကို ဖော်ထုတ်ဖယ်ရှား၍ အားလုံးပူးပေါင်းဆောင်ရွက်သွားကြရန် ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါအထိမ်းအမှတ်အခမ်းအနားကို ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့ အဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ တက်ရောက်ခဲ့သည်။