Eleven Media Group

■ ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့် သွေးကြောရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၁၉ ဒသမ ၈ သန်းကျော် သေဆုံးနေ

ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့် သွေးကြောရောဂါများကြောင့် နှစ်စဉ်လူဦးရေ ၁၉ ဒသမ ၈ သန်းကျော် သေဆုံးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားသည်။

စက်တင်ဘာ ၂၉ ရက်က ၂၀၂၆ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ အစည်းအဝေးခန်းမတွင် စက်တင်ဘာ ၂၉ ရက်က ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်များအရ ကမ္ဘာတစ်ဝန်းတွင် နှလုံးနှင့်သွေးကြောရောဂါများကြောင့် နှစ်စဉ် လူဦးရေ ၁၉ ဒသမ ၈ သန်းကျော် သေဆုံးနေပြီး အဆိုပါသေဆုံးမှုများ၏ ၈၅ ရာခိုင်နှုန်းသည် နှလုံးသွေးကြောပိတ်ခြင်းကြောင့် ရုတ်တရက်နှလုံးရပ်၍ သေဆုံးခြင်းနှင့် ဦးနှောက်သွေးကြောပိတ်ခြင်းကြောင့်လည်းကောင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းကြောင့်လည်းကောင်း၊ လေဖြတ်ခြင်းကြောင့်လည်းကောင်း သေဆုံးနေရခြင်းဖြစ်ကြောင်း ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်က ကောက်ယူခဲ့သည့် မကူးစက်နိုင်သောရောဂါများ ဖြစ်ပွားစေသည့် အကြောင်းရင်းများကို ကောက်ယူသည့်စစ်တမ်း (STEPS Survey) အရ အရွယ်ရောက်သူ ၂၄ ဒသမ ၄ ရာခိုင်နှုန်းတွင် သွေးတိုးရောဂါရှိကြောင်း၊ အသက် ၄၀ နှစ်မှ ၆၉ နှစ်အရွယ်များတွင် နှလုံးနှင့်သွေးကြောရောဂါရှိသူ ၁၃ ဒသမ ၄ ရာခိုင်နှုန်းရှိနေသည့်အပြင် လာမည့် ၁၀ နှစ်အတွင်း နှလုံးနှင့် သွေးကြောရောဂါ ဖြစ်လာနိုင်ခြေ ၂၀ ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း၊ ယခု ၂၀၂၆ ခုနှစ် ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် “Don’t Miss A Beat” ဖြစ်ပြီး “နှလုံးခုန်သံတိုင်းကို သတိပြုလို့၊ နှလုံးကျန်းမာရေး ဂရုစိုက်စို့” ဟု မြန်မာဘာသာပြန်ဆိုထားကြောင်း၊ နှလုံးကျန်းမာရေးသည် အလွန်အရေးကြီးသည့်အတွက် နှလုံးရောဂါ၏လက္ခဏာများကို မလွတ်စေဘဲ စောစီးစွာသတိပြုခြင်း၊ စစ်ဆေးကုသခြင်းနှင့် နှလုံးကျန်းမာရေးကိုဂရုစိုက်ရန် တိုက်တွန်းသော အသိပညာပေး သတင်းစကားဖြစ်ကြောင်း၊ မကူးစက်နိုင်သော ရောဂါများအတွက် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်မှာ နှလုံးနှင့် သွေးကြောရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချိုရောဂါနှင့် နာတာရှည်အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများကြောင့် အသက် ၃၀ မှ ၇၀ နှစ်အတွင်း အချိန်မတန်မီ သေဆုံးမှုကို သုံးပုံတစ်ပုံ လျှော့ချရန်ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့် ညီညွတ်သည့် အစားအစာများ စားသုံးခြင်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးထွက်ပစ္စည်းများ သုံးစွဲမှုနှင့် အရက်အလွန်အကျွံသောက်သုံးမှုကို ရှောင်ကြဉ်ခြင်း၊ သင့်တင့်သော ကိုယ်လက်လှုပ်ရှားအားကစား ပုံမှန်ပြုလုပ်ခြင်း၊ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် ပြုမူနေထိုင်ခြင်းတို့ဖြင့် နှလုံးနှင့် သွေးကြောရောဂါများဖြစ်ပွားမှုကို ကာကွယ်တားဆီးနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

ဆက်လက်၍ မိမိတို့၏ နှလုံးကျန်းမာရေးကို ပုံမှန်စစ်ဆေးပြီး ရောဂါတွေ့ရှိပါက အချိန်မီကုသမှုခံယူသင့်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နှလုံးနှင့် သွေးကြောရောဂါများ အပါအဝင် အခြား မကူးစက်နိုင်သော ရောဂါများကြောင့် သေဆုံးမှုကို လျှော့ချနိုင်ရေးအတွက် မကူးစက်နိုင်သောရောဂါများ ကာကွယ်နှိမ်နင်းရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ (၂၀၂၃-၂၀၂၇) ကို ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်လည်း ကျေးလက်ကျန်းမာရေးဌာနခွဲအဆင့်မှစပြီး မကူးစက်နိုင်သောရောဂါများကို စစ်ဆေးကုသပေးသည့်ဆေးခန်းများအား ဗုဒ္ဓဟူးနေ့တိုင်း ဖွင့်လှစ်၍ စစ်ဆေးကုသပေးလျက်ရှိကြောင်း၊ ကုသမှုအတွက် လိုအပ်သော အခြေခံဆေးဝါးနှင့် ဆေးပစ္စည်းများကိုလည်း ပြည်သူများကို အခမဲ့ ဖြန့်ဝေပေးလျက်ကြောင်း၊ ခုတင် ၂၀၀ နှင့်အထက် ဆေးရုံအားလုံးတွင် အရေးပေါ် နှလုံးဆေးကုသမှုများအတွက် အထူးကုသမားတော်များ ဦးဆောင်သည့် နှလုံးကြပ်မတ်ကုသဆောင်များ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံ ကျန်းမာရေးဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်သင်တန်းများပေးခြင်း၊ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားခြင်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ နှလုံးရောဂါ အန္တရာယ် အကဲဖြတ်စနစ် စီမံကိန်းကိုလည်း‌ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း ပါမောက္ခဒေါက်တာအေးထွန်းက ပြောကြားခဲ့သည်။

အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းတို့မှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်းရှိ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာမှူးများ တက်ရောက်ခဲ့ကြသည်။

၂၀၂၆ ခုနှစ် “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” အထိမ်းအမှတ်အဖြစ် နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှလုံးကြပ်မတ်ကုသဆောင်တွင် လူဦးရေ ၁၀၀ ဦးအား AI ECG vest တပ်ဆင်နေမှုကို ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာအေးထွန်းသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။ ထို့အတူ ကမ္ဘာ့နှလုံးကျန်းမာရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၃၀၀၊ မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၂၅၀ နှင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးတွင် လူဦးရေ ၂၅၇ ဦးကို AI ECG vest တပ်ဆင်ပေးခဲ့ပြီး နှလုံးကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group