Eleven Media Group

■ ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ မြန်မာနိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက်က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာတွင် လတ်တလောကာလအတွင်း ကူးစက်ဖြစ်ပွားလျက်ရှိသောရောဂါများ၊ အခြားကူးစက်ရောဂါများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ဇွန် ၁ ရက် နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ ဌာနကြီးမှူးများနှင့် ဌာနမှူးများ တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီးက ဟန်တာဗိုင်းရပ်စ်ရောဂါနှင့် အီဘိုလာရောဂါတို့ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး နိုင်ငံတကာတွင် ရောဂါကူးစက်မှုများကို စဉ်ဆက်မပြတ် စောင့်ကြည့်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များနှင့်အညီ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးက ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းနှင့်တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု၊ ဆေးကုသမှုဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နှင်းရေး) နှင့် ညွှန်ကြားရေးမှူး (ကူးစက်) တို့က နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ ကြေညာထားခြင်းခံရသော အီဘိုလာရောဂါ နိုင်ငံအတွင်းသို့ ကူးစက်ဝင်ရောက်မှုမရှိစေရေး စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကြိုတင်ပြင်ဆင်ခြင်းတို့ကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group