Myanmar Transparency News

တရုတ်မယားအဖြစ် တစ်နှစ်နေထိုင်ပါက ကျပ်သိန်း ၁၅၀ ရမည်စည်းရုံးကာ အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ပို့ပြီး တရုတ်မယားအဖြစ် အဓမ္မလက်ထက်စေခဲ့သည့်အမျိုးသမီးသုံးဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်

၂၃.၅.၂၀၂၆
Written by Linn Eain

ရန်ကုန်မှ အမျိုးသမီးနှစ်ဦးကို တရုတ်နိုင်ငံသို့ပို့ဆောင်ကာ တရုတ်ဇနီးမယားအဖြစ် အဓမ္မလက်ထက်ထိမ်းမြားစေပြီး ရရှိသည့်ငွေကြေးအကျိုးအမြတ်ကို ပူးပေါင်းခေါင်းပုံဖြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်၊ (၁၆၈) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးနှင့် မရမ်းကုန်းမြို့နယ်၊ (၂) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးတို့ကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် ရွှေညောင်ပင်ရပ်ကွက်နေ မလုတောင်၊ ဒဂုံဆိပ်ကမ်းမြို့နယ် ၁၆၈ ရပ်ကွက်နေ မကရင်မ(ခ) မဝင်းဆန်းနှင့် လိပ်စာတူ မခင်သီတာ (ယခုတရုတ်နိုင်ငံ နေထိုင်သူ)တို့ သုံးဦးက တရုတ်ဇနီးမယားအဖြစ် တစ်နှစ် ပေါင်းသင်းနေထိုင်ပါက မြန်မာကျပ်ငွေသိန်း ၁၅၀ ရရှိမည်ဖြစ်ကြောင်း စည်းရုံးပြောဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် စည်းရုံးပြောဆိုခံရသည့် အမျိုးသမီးနှစ်ဦးကို ရန်ကုန်မှ တရုတ်နိုင်ငံ ရွှေလီမြို့သို့ ယာယီနယ်စပ် ဖြတ်သန်းခွင့်ဖြင့် ပို့ဆောင်ကာ တရုတ်အမျိုးသားများနှင့် ပေါင်းသင်းနေထိုင်စေခဲ့ကြောင်း သိရသည်။ ယင်းနောက် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ရန် နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးခြင်းနှင့် ကြိုတင်ငွေထုတ်ပေးခြင်းများအပြင် တရုတ်အမျိုးသားများထံမှ အမျိုးသမီးများခေါ်ယူပေးမှုအတွက် ယွမ် ၂၀၀၀၀မှ ၁၅၀၀၀ဝ အထိ ရယူဆောင်ရွက်ခဲ့ကြကြောင်း စိစစ်ပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကို အမှတ်(၆) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(ရန်ကုန်)မှ တရားလို ပြုလုပ်တိုင်တန်းခဲ့ပြီး ကျူးလွန်သူများကို ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းတွင် (ပ)၁၅၇/၂၀၂၅၊ လူကုန် ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုဖွင့် တရားစွဲတင်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်ခရိုင်တရားရုံးမှ ဖမ်းမိတရားခံ မကရင်မ(ခ)မဝင်းဆန်းနှင့်မလုတောင်တို့ နှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ်စီ ကျခံစေရန် မေ ၁၉ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံ မခင်သီတာကို ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၈၇/၈၈ အတည်ပြု ထုတ်ဆင့်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News