ရောင်ဝါ
၁၁. ၁၁. ၂၀၂၆
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသဖြင့် လက်နက်ကိုင် ၆၀၀၀ ခန့် အလင်းဝင်လာပြီးဖြစ်ရာ ယခုလည်း TNLA အဖွဲ့မှ ဗျူဟာမှူးအဆင့်ရှိ ဂူဆီးအပါအဝင် အမျိုးသား ၁၇၈ ဦးနှင့်အမျိုးသမီး ၂၂ ဦး၊ စုစုပေါင်း ၂၀၀ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း လက်နက်/ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်လာကြသည့် TNLA အဖွဲ့ဝင်များအား မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ပတ္တမြားမြေအားကစားခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့သူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေပုဒ်မများနှင့် ပတ်သက်၍ အသိပညာပေးစကားများ ရှင်းလင်းပြောကြားသည်။


ထို့နောက်ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့် MA -1 အမျိုးအစား သေနတ် (၅) လက်၊ Type 81 အမျိုးအစား သေနတ် (၆၆)လက်၊ AK-47 အမျိုးအစား သေနတ် (၃)လက်၊ M-22 အမျိုးအစား သေနတ် (၄)လက်၊ ပစ္စတို(၃)လက်၊ လက်လုပ်သေနတ်(၃)လက်၊ ကျည်အိမ်မျိုးစုံ(၈၄) ခုနှင့် ကျည်မျိုးစုံ(၁၄၇၂)တောင့်တို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်နက်၊ ခဲယမ်းများနှင့် အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန် ရိုင်ဖယ် ၇၈ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၃၉၀၀၊ ပစ္စတို ၃ လက်အတွက် ဆုကြေးငွေကျပ် သိန်း ၆၀၊ လက်လုပ်သေနတ် ၃ လက်အတွက် ဆုကြေး ငွေကျပ် ၁၅ သိန်း၊ လက်နက်မပါ အလင်းဝင်ရောက်လာသူ ၁၁၆ ဦးအတွက် ဆုကြေးငွေကျပ် ၁၁၆ သိန်းတို့ကို ပေးအပ်ပြီး ခံဝန်ကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးသည်။



၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တာဝန်ရှိသူများက ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများ အပ်နှံထားသော လက်နက်ခဲယမ်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ လက်ဖက်ရည်ဝိုင်းတို့ဖြင့် တည်ခင်းဧည့်ခံသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် TNLA အဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကျပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရသူများဖြစ်ပြီး အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။


“အလင်းဝင်ပြီးတော့ ကျွန်တော်တို့ ပြန်လာရခြင်း ရည်ရွယ်ချက်ကတော့ အစကတည်းက ကျွန်တော်တို့က နိုင်ငံရေးလည်းနားမလည်ဘူး။ တော်လှန်ရေးလည်းနားမလည်ဘူး။ ဖိအားတစ်မျိုးကြောင့် ဒီလို လုပ်ခဲ့တယ်။ အခက်အခဲအမျိုးမျိုးနဲ့ အဆင်မပြေတဲ့အခါ ကျွန်တော်တို့လုပ်နေကျ နားလည်တဲ့အလုပ်မျိုး မဟုတ်တဲ့အခါကြတော့ နည်းလမ်းရှာပြီးတော့မှ မြို့မိမြို့ဖ လူကြီးတွေကတစ်ဆင့် နိုင်ငံတော်ကို ဆက်သွယ်ပြီးတော့မှ အလင်းဝင်လာခဲ့တယ်။ ကျွန်တော်တို့ရဲ့ဗီဇ၊ ကျွန်တော်တို့ရဲ့ငြိမ်းချမ်းမှု၊ ကျွန်တော်တို့ ဖြစ်ချင်တဲ့ဟာမျိုး မဟုတ်တဲ့အခါ အခုလုပ်ရပ်ကနေ ရုန်းထွက်ခဲ့တယ်။ နောက်တစ်ချက်ကတော့ ကျွန်တော်တို့ ချစ်တဲ့ မိုးကုတ်၊ မိုးမိတ်ကို နောက်တစ်ခါ ဒီလိုမျိုးတိုက်ပွဲတွေမဖြစ်အောင် တပ်မတော်နဲ့ကာကွယ်မယ်။ မိုးကုတ်၊ မိုးမိတ်မှာ လီဆူတွေအများကြီးရှိတယ်။ ကျွန်တော်တို့ လီဆူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ လုံခြုံရေး အားလုံးကို ကူညီစောင့်ရှောက်မယ်။ တစ်ဖက်ကလည်း နိုင်ငံတော်ကို ပြန်ပြီးတော့ ကာကွယ်ရေးတွေလုပ်မယ်။ ကျွန်တော်တို့ရဲ့အင်အားနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးတော့ ကျွန်တော်တို့ရဲ့အဖွဲ့အစည်းက ဖြစ်နိုင်ရင် မိုးကုတ်၊ မိုးမိတ်မှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံ အကုန်လုံးကို ကျွန်တော်တို့ အလုပ်အကျွေးပြုမယ်ဆိုတဲ့ ဆန္ဒမျိုးနဲ့ တပ်မတော်ကို ဆက်သွယ်ပြီး အလင်းဝင်လာရခြင်းဖြစ်တယ်။ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ်။ ကျွန်တော် ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော့်မှာ တပည့် သားသမီးတွေ အများကြီးရှိတယ်။ ကျွန်တော့်မှာ ဖိအားတွေ အရမ်းများခဲ့တယ်။ နိုင်ငံတော်ကို ဆက်သွယ်ပြီးတော့ ကျွန်တော်တို့ ကျောက်မဲကို စရောက်တဲ့ အချိန်ကတည်းက ကျွန်တော်တို့ကို ဗိုလ်ချုပ်ကိုယ်တိုင် လာပြီးတော့မှ ကောင်းကောင်း မွန်မွန်ကြိုဆိုတယ်။ ကောင်းကောင်း မွန်မွန်ဧည့်ခံတယ်။ ကျွန်တော်တို့တော့ အရမ်းကို ပျော်ရွှင်တယ်။ ကျောက်မဲကနေပြီးတော့မှ ပြင်ဦးလွင်၊ မန္တလေး၊ သပိတ်ကျင်း၊ မိုးကုတ် ကျွန်တော်တို့ကို ညတွင်းချင်းပို့ပေးတယ်။ ကျွန်တော်တို့ အစစအရာရာ ဘာမှလုပ်စရာမရှိဘူး။ ဒီအတွက် နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ အခု ကျန်ခဲ့တဲ့ ကျွန်တော်တို့ရဲ့ မိတ်ဆွေတွေ အမြင်မှန်ရပြီးတော့ ကိုယ့်မိသားစုအတွက် ကိုယ့်ရဲ့မြို့ရွာအတွက် ကိုယ့်ရဲ့ လူမျိုးအတွက် တောထဲမှာပဲ မနေဘဲနဲ့ ပြန်လာဖို့ အလင်းလာဝင်ပြီးတော့မှ ခုနကပြောသလို ကိုယ့်မြို့ရွာ အေးချမ်းသာယာလာဖို့ အတူတူ ပူးတွဲဆောင်ရွက်ဖို့ ပြန်လာကြပါလို့ ကျွန်တော့်အနေနဲ့ မေတ္တာစကား ပါးချင်ပါတယ်”ဟု အလင်းဝင်ခေါင်းဆောင်သူတစ်ဦးက ပြောသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည်ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရသည်။
ယင်းသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများကို ထိုက်တန်စွာ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။