Myanmar Transparency News

၂၀၂၁ မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဗီဇာစည်းကမ်းဖောက်ဖျက်မှု (သို့မဟုတ်) တရားမဝင်ခိုးဝင်မှုကြောင့် ပြစ်ဒဏ်စေ့၍ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၄၅၀၀ ခန့်၊ ပြစ်ဒဏ်ကျခံဆဲ နိုင်ငံခြားသား ၂၅၀၀ ကျော်နှင့် တရားမစွဲဘဲ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ခုနှစ်သောင်းကျော်ရှိခဲ့

၁၁.၁၁.၂၀၂၆
Written by Linn Eain

၂၀၂၁ မှ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ဗီဇာစည်းကမ်းဖောက်ဖျက်မှု (သို့မဟုတ်) တရားမဝင်ခိုးဝင်မှုကြောင့် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ ပြစ်ဒဏ်ချခဲ့ပြီး ပြစ်ဒဏ်စေ့၍ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၄၄၀၆ ဦး၊ ပြစ်ဒဏ်ကျခံဆဲ နိုင်ငံခြားသား ၂၅၃၃ ဦးရှိကြောင်း နိုဝင်ဘာ ၁၀ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေးတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက ပြောကြားခဲ့သည်။

ထို့ပြင် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရလည်းကောင်း၊ သက်ဆိုင်ရာသံရုံးများမှတစ်ဆင့် ကူညီကယ်တင်ပေးရန် မေတ္တာရပ်ခံလာမှုများကြောင့်လည်းကောင်း၊ အခြားပြစ်မှုများကျူးလွန်ခြင်းမရှိသဖြင့် တရားမစွဲဘဲ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၇၃၀၈၅ ဦးရှိကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဦးလင်းဇော်ထွန်းက “၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ မြန်မာနိုင်ငံအတွင်း တရားဝင်ဗီဇာနှင့် ဝင်ရောက်ခဲ့သော်လည်း ဗီဇာစည်းကမ်း ဖောက်ဖျက်မှုကြောင့်လည်းကောင်း၊ တရားမဝင် ခိုးဝင်လာခြင်းများကြောင့်လည်းကောင်း ၁၉၄၇ ခုနှစ်၊ မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေးအက်ဥပဒေအရ တရားစွဲဆိုပြီး ပြစ်ဒဏ်ချခဲ့ပြီး ပြစ်ဒဏ်စေ့ရောက်၍ လွတ်မြောက်ပြီး ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၄၄၀၆ ဦး၊ ပြစ်ဒဏ်ကျခံဆဲ နိုင်ငံခြားသား ၂၅၃၃ ဦး ဖြစ်ပါတယ်။ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရလည်းကောင်း၊ သက်ဆိုင်ရာသံရုံးများမှတစ်ဆင့် ကူညီကယ်တင်ပေးရန် မေတ္တာရပ်ခံလာမှုများကြောင့်လည်းကောင်း၊ အခြားပြစ်မှုများကျူးလွန်ခြင်းမရှိသဖြင့် တရားမစွဲဘဲ ပြည်နှင်ခဲ့သည့် နိုင်ငံခြားသား ၇၃၀၈၅ ဦးရှိပါကြောင်း တင်ပြအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် တရားဝင် ဝင်ရောက်လာသော နိုင်ငံခြားသားများအား နိုင်ငံခြားသားရောက်ရှိခြင်းအစီရင်ခံစာ Form C/ e-Form C တိုင်ကြားမှု ရှိ/မရှိ စစ်ဆေးခြင်း၊ နိုင်ငံခြားသားများ ပြည်တွင်းနေထိုင်ခွင့်သက်တမ်းနှင့် အကြိမ်ကြိမ်ပြည်ပြန်ဝင်ခွင့်ဗီဇာ သက်တမ်းတိုးမြှင့်ခြင်းကိစ္စများအတွက် မြေပြင်တွင် အမှန်တကယ် နေထိုင်လုပ်ကိုင်ခြင်းတို့ကို ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသကဲ့သို့ ပြည်ထဲရေးဝန်ကြီးဌာနကလည်း ရှောင်တခင် ဧည့်စာရင်းစစ်ဆေးခြင်းများ၊ PSMS(People Surveillance Management System) ဖြင့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက လွှတ်တော်တွင် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေသည့် နိုင်ငံခြားသားများ မရှိစေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့်ညှိနှိုင်း၍ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့ကြီးများတွင်သာမက နိုင်ငံခြားသားများ အများစုတည်းခိုနေထိုင်သည့် နေအိမ်များ၊ ဟိုတယ်၊ မော်တယ်၊ တည်းခိုခန်များ၊ ကုမ္ပဏီများ၊ စက်ရုံ အလုပ်ရုံများကို ပူးပေါင်းအဖွဲ့များဖြင့် အခါအားလျော်စွာ ရှောင်တခင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ဗီဇာစည်းကမ်းဖောက်ဖျက်မှုများအား အမှုဖွင့်လှစ်၍ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း ဒုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ထို့ကြောင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်မြို့ကြီးများတွင်သာမက တိုင်းဒေသကြီး/ပြည်နယ်များတွင် ဗီဇာစည်းကမ်းဖောက်ဖျက်သည့် နိုင်ငံခြားသားများနှင့် ခိုးဝင်နိုင်ငံခြားသားများအား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနှင့်အညီ ဖမ်းဆီးအရေးယူခြင်းနှင့် ပြည်နှင်ခြင်းတို့ကို တည်ဆဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်ထဲရေးဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များနှင့် ပေါင်းစပ်၍ ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်က ကျင်းပခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့တွင် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၏ ရန်ကုန်- မန္တလေး- တောင်ကြီး-မော်လမြိုင်အပါအဝင် တစ်နိုင်ငံလုံးရှိ တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေးရန်နှင့် မူရင်းနိုင်ငံသို့ပြန်ပို့ရန် အစီအစဉ် ရှိ/ မရှိမေးခွန်းနှင့် ပတ်သက်၍ လဝက ဒုတိယဝန်ကြီး ဖြေကြားခဲ့ခြင်းဖြစ်သည်။

မူရင်းသတင်း — Myanmar Transparency News