Myanmar Transparency News

ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကျောင်းသားကလေးငယ် ၄ ဦး ရေနစ်သေဆုံးမှု ပဲခူးတွင် ဖြစ်ပွား

၂၃.၅.၂၀၂၆
Written by KL

ဇလပ်ထော်ရေလှောင်တမံအတွင်း ရေဆင်းကူးသည့် ကျောင်းသား ကလေးငယ်လေးဦး ရေနစ်သေဆုံးမှု မေလ ၂၂ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ဆပ်ပြာကျင်းကျေးရွာအနီးတွင် ဖြစ်ပွားခဲဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ သိရသည်။

အသက် ၁၀ နှစ်အရွယ်ဖြစ်သော မောင်ဖြိုးဇာနည်လင်း၊ မသဒ္ဒါရွှန်းလဲ့နှင့် အသက်၁၁ နှစ်အရွယ် မပိုးဝတီ၊ အသက် ၁၃ နှစ်အရွယ် မစုပုံချစ်တို့ ဇလပ်ထော်ဆည်အတွင်း ရေဆင်းကူးရာမှ ရေနစ်ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရေနစ်ပျောက်ဆုံးနေသော ကလေးငယ်လေးဦးကို လူမှုကူညီရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိများက ဆယ်ယူပေးခဲ့ပြီး ရုပ်အလောင်းများကို ပဲခူးမြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ပဲခူး အမှတ်(၃) နယ်မြေရဲစခန်းကသေမှုသေခင်းအမှတ်စဥ် ၉/၂၀၂၆ ဖြင့် ဖွင့်လှစ်ကာ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

“ကလေးတွေက Garade – 4 က နှစ်ယောက်၊ Grade – 5 တစ်ယောက်၊ Garade- 6 က တစ်ယောက်ပါ။ ကျောင်းတွေလည်းမတူကြပါဘူး။ ကလေးတွေကို မိဘတွေ မလွှတ်ထားသင့်ဘူး။ သူငယ်ချင်းနဲ့ ဆော့မယ်ဆိုပြီး ထွက်သွားလည်း မလွှတ်ကြပါနဲ့”ဟု ဖြစ်စဥ်သိရှိသော ပဲခူးဒေသခံတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News