Myanmar Transparency News

မိသားစုလိုက်ပါလာသည့် ကိုယ်ပိုင်ယာဥ်တစ်စီး ရှေ့ဘီးပေါက်၍ တိမ်းမှောက်ရာမှ နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရမှု အမြန်လမ်းတွင် ယနေ့ဖြစ်ပွား

၂၅.၅.၂၀၂၆
Written by KL

ကိုယ်ပိုင်ယာဥ်တစ်စီး ရှေ့ဘီးပေါက်၍ အရှိန်လွန်တိမ်းမှောက်ရာမှ အမျိုးသမီးနှစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိမှု အမြန်လမ်းမကြီး၊ နေပြည်တော် – မန္တလေးဘက်ခြမ်း မိုင်တိုင် ၃၃၃/၆ နှင့် ၃၃၃/၇ ကြားတွင် ယနေ့ မေလ ၂၅ ရက် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်ကဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သည့် အမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။

ယာဥ်မောင်းအမျိုးသားနှင့် ဇနီးသည်၊ ယောက္ခမ အပါအဝင် ရင်သွေးနှစ်ဦး လိုက်ပါလာသော TOYOTA KLUGER အနက်ရောင်အမျိုးအစား မော်တော်ယာဥ်တစ်စီးမှာ မောင်းနှင်လာစဥ် ဘယ်ဘက်ခြမ်း ရှေ့ဘီးပေါက်ပြီး အရှိန်မထိန်းနိုင်ဘဲ အမြန်လမ်း၏ ညာဘက်ဘေး ပေ ၁၀၀ ခန့်အကွာသို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယောက္ခမဖြစ်သူ အသက် ၆၄ နှစ်အရွယ် အမျိုးသမီးကြီးတွင် လက်ကောက်ဝတ်ပြတ်ထွက်၊ ဦးခေါင်းပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီးဖြစ်သူ အသက် ၄၀ အရွယ် အမျိုးသမီးတွင် ဦးခေါင်းပွင့်ထွက်ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့သည်။

ထို့အပြင် အသက် ၅၅ နှစ်အရွယ် ယာဥ်မောင်း အမျိုးသားတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာ(မစိုးရိမ်ရ)၊ အသက် ၉ နှစ်အရွယ် သမီးဖြစ်သူတွင် ဦးခေါင်းပေါက်ပြဲ၊ နဖူးညိုမဲဒဏ်ရာ (စိုးရိမ်ရ)၊ အသက် ၃ နှစ်အရွယ် သားဖြစ်သူတွင် ဘယ်ခြေထောက် ပေါက်ပြဲဒဏ်ရာ (မစိုးရိမ်ရ)တို့ ရရှိခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုနေရာသို့ စကားအင်း အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ ကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ပြီး ထိခိုက်သေဆုံးသူများကို တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

မော်​တော်ယာဥ်တစ်စီးလုံး ပျက်စီးဆုံးရှုံးကာ အမျိုးသမီးနှစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့သော ယာဥ်တိမ်းမှောက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် ယာဥ်မောင်းအမျိုးသား ဟူစိန်အာမတ်ကို စကားအင်းအမြန်လမ်းရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/ ၂၇၉ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News