Myanmar Transparency News

အရက်မူးပြီး အိမ်ပေါ်တက် ရန်ရှာသူကို ဓားဖြင့်ခုတ်သတ်မှု ပန်းတောင်းမြို့တွင် ဖြစ်ပွား

၅.၆.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၊ ဒန့်ဒလွန်ကျေးရွာအုပ်စု ညောင်ဖြူကျေးရွာတွင် အရက်မူးနေသူက အိမ်ပေါ်တက်ကာ ရန်ရှာသဖြင့် ဓားဖြင့်ခု​တ်သတ်မှု ဇွန်လ ၄ ရက် နံနက်၂ နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးထံမှ ကနဦး သိရသည်။

ဖြစ်စဥ်တွင် အသက် ၃၅ နှစ်အရွယ် ဦးကျော်မျိုးအောင်ဆိုသူက အရက်သောက်ကာ တဲပေါ်သို့တက်၍ ရန်ရှာခြင်း၊ အနိုင်ကျင့်ခြင်းနှင့်ဓားဆွဲကာ ရန်စ​ခြင်းများပြုလုပ်သဖြင့် အသက် ၄၉ နှစ်အရွယ်ရှိ ဦအေးဝင်းဆိုသူက ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။

ဓားခုတ်ခံရသူ ဦးကျော်မျိုးအောင်၏ ခန္ဓာကိုယ်အနှံ့တွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရပြီး ကျူးလွန်သူအမျိုးသားကိုလည်း သက်သေခံဓားနှင့်အတူ ပြန်လည်ဖမ်းမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် လူသတ်မှုနှင့်ပတ်သက်၍ ပန်းတောင်းမြို့မရဲစခန်းက ရာဇသတ်ကြီးဥပ​ဒေပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News