Eleven Media Group

ဝတ်စုံစပွန်ဆာ Adidas နဲ့ ၂၀၃၄ ခုနှစ်အထိ ရီးယဲလ်အသင်း သက်တမ်းတိုး

Photo: X

ရီးယဲလ်မက်ဒရစ်အသင်းဟာ ကာလရှည်လက်တွဲလာခဲ့တဲ့ ဝတ်စုံစပွန်ဆာ Adidas နဲ့ ၂၀၃၄ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ဂျာမန်အားကစားပစ္စည်းကုမ္ပဏီဖြစ်တဲ့ Adidas နဲ့ ၁၉၉၈ ခုနှစ်ကတည်းက တောက်လျှောက်လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။
ရီးယဲလ်အသင်းဟာ အသင်းရဲ့ သက်တမ်းတစ်လျှောက်မှာ ဝတ်စုံစပွန်ဆာအဖြစ် ကုမ္ပဏီ(၃)ခုနဲ့သာ လက်တွဲခဲ့ဖူးပြီး Adidas၊ Hummel နဲ့ Kelme တို့ဖြစ်ကြောင်း သိရပါတယ်။
ဝတ်စုံစပွန်ဆာအတွက် ပထမဆုံးလက်တွဲခဲ့တဲ့ ကုမ္ပဏီကလည်း Adidas ပဲဖြစ်ပြီး ၁၉၈၁ ကနေ ၁၉၈၅ အထိ လက်တွဲခဲ့ပြီးနောက် Hummel နဲ့ ၁၉၈၅ ကနေ ၁၉၉၄ အထိ ပြောင်းလဲလက်တွဲခဲ့တာပါ။
အဲဒီနောက် ၁၉၉၄ ကနေ ၁၉၉၈ အထိ Kelme နဲ့ လက်တွဲခဲ့ပြီး ၁၉၉၈ ကနေ လက်ရှိအချိန်အထိ Adidas နဲ့ ပြန်လည်လက်တွဲခဲ့တာဖြစ်ပါတယ်။
ရီးယဲလ်အသင်းက Adidas နဲ့ လက်တွဲခဲ့တဲ့ကာလအတွင်း ချန်ပီယံလိဂ်ဖလား(၈)ကြိမ်အပါအဝင် ဆုဖလားအောင်ပွဲများစွာ ရယူနိုင်ခဲ့သလို၊ ငွေကြေးအားဖြင့်လည်း အကျိုးအမြတ်များစွာ ရရှိခဲ့ပါတယ်။
ရီးယဲလ်အသင်းဟာ ဝတ်စုံစပွန်ဆာအတွက် Adidas ဆီက တစ်နှစ်ယူရိုသန်း(၁၂၀)ရရှိနေကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းဟာ ရင်ဘတ်စပွန်ဆာအတွက် Emirates နဲ့ ၂၀၃၁ အထိ သက်တမ်းတိုးဖို့လည်း သဘောတူညီမှုရရှိထားပြီး ဝတ်စုံစပွန်ဆာ၊ ရင်ဘတ်စပွန်ဆာနဲ့ လက်မောင်းစပွန်ဆာ သုံးမျိုးကနေ တစ်နှစ်ကို ယူရိုသန်း(၃၀၀)ဝန်းကျင် ရရှိသွားမှာဖြစ်ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group