Myanmar Transparency News

ထရန်စဖော်မာရှိ ကြေးနန်းကြိုးခိုးယူသည့် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှု အောင်ပန်းတွင် ဖြစ်ပွား

၁၁. ၆.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ရွာသစ်ရပ်ကွက်၊ ပစ္စုပ္ပန်ဘုန်းကြီးကျောင်းအဝင် ထရန်စဖော်မာရှိ ကြေးနန်းကြိုးကို ဖြတ်တောက်ခိုးယူစဥ် လူငယ်တစ်ဦး ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း) ထံမှ သိရသည်။

အောင်ပန်းမြို့တွင် နေထိုင်သောအသက် ၂၁နှစ်အရွယ် အမျိုးသားမှာ ဇွန်လ ၉ ရက် ညပိုင်းက ထရန်စဖော်မာမှ ကြေးနန်းကြိုးကို ပလာယာဖြင့် ဖြတ်တောက်ကာခိုးယူစဥ် ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး ခန္ဓာကိုယ်၌ မီးလောင်ဒဏ်ရာများရရှိကာ နေရာတွင်ပင် သေဆုံးခဲ့ကြောင်း နာရေးကူညီမှုအသင်း (အောင်ပန်း)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူလူငယ်၏ အနီးတွင် ဖြတ်တောက်ထားသော ကြေးနန်းကြိုးနှင့် ပလာယာတို့ကိုလည်းတွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို နာရေးကူညီမှုအသင်း (အောင်ပန်း)မှအသင်းဝင်များက အောင်ပန်းပြည်သူ့ဆေးရုံသို့ ပို့အပ်ကာကူညီခဲ့ကြောင်း သိရသည်။

ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်၍ အောင်ပန်းမြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဥ် ရေးဖွင့်ကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News