Myanmar Transparency News

တောင်ဒဂုံတွင် လိုက်ထရပ်ယာဥ်က ရှေ့တွင်ရှိသောတွဲကားကို ဝင်တိုက်ရာမှ လေးဦးဒဏ်ရာပြင်းထန်

၁၄.၆.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ၁၄၁ ရပ်ကွက်၊ အမှတ်(၂)လမ်းမကြီး၊ ဗန္ဓုလအိမ်ရာရှေ့တွင် Light Truck မော်တော်ယာဥ်က ၎င်း၏ရှေ့တွင်ရှိသော တွဲကားကို ဝင်တိုက်မိသဖြင့် အမျိုးသားလေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိမှု ဇွန်လ ၁၃ ရက်၊ ည ၇ နာရီ ၅၀ မိနစ်က ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ တောင်မြောက်လမ်းဆုံဘက်မှ လေးထောင့်ကန်ဘက်သို့ မောင်းနှင်လာသော Light Truck အဖြူရောင်ယာဥ်မှာ ရှေ့တွင်မောင်းနှင်သည့် တွဲကားမှ ရုတ်တရက်အရှိန်လျော့စဥ် နောက်မှဝင်တိုက်ခဲ့ပြီး Light Truck ယာဥ်ပေါ်လိုက်ပါလာသော လူ ၄ ဦး ကားခေါင်းခန်းအတွင်း ညပ်နေခဲ့သည်။

ကားခေါင်းအတွင်းညပ်နေသော အမျိုးသား လေးဦးကို ၇ မိနစ်ကြာကယ်ထုတ်ခဲ့ရာ အသက် ၂၀ အရွယ်များဖြစ်ကြသော လိုက်ထရပ်ယာဥ်မောင်း ကိုဘိုဘိုကျော်တွင် နဖူးစုတ်ပြဲ၊ ဘယ်နှင့်ညာခြေသလုံးစုတ်ပြဲဒဏ်ရာ၊ ကိုဖိုးချစ်တွင် နဖူးနှင့် မေးစေ့စုတ်ပြဲဒဏ်ရာ၊ ကိုတေဇအောင်တွင် ဦးခေါင်းပေါက်ပြဲ၊ ညာခြေသလုံးစုတ်ပြဲဒဏ်ရာ၊ ကိုလွင်ကိုထက်တွင် ညာမျက်ခုံးစုတ်ပြဲဒဏ်ရာတို့ရရှိပြီး လူနာများမှာ စိုးရိမ်ရကြောင်း သိရသည်။

ယာဥ်တိုက်မှုကြောင့် ဒဏ်ရာရလူနာများကို အဖြူရောင်လူမှုကူညီရေးအသင်း၊ မြို့ဦးလုလင်လူမှုကူညီရေးအသင်း၊ ရာပြည့်လူမှုကူညီရေးအသင်းမှ အသင်းဝင်များက သူနာတင်ယာဥ်များဖြင့် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News