Myanmar Transparency News

အမွှာနှစ်ဦးအပါအဝင် မောင်နှမသုံးဦး ရေနစ်သေဆုံးမှု ကညွတ်ကွင်းတွင် ဖြစ်ပွား

၁၇.၆.၂၀၂၆
Written by KL

ပဲခူးတိုင်းဒေသကြီး၊ ဖြုုးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ ခင်တန်းရပ်ကွက်ရှိ ရေအိုင်တွင် အမွှာနှစ်ဦးအပါအဝင် မောင်နှမသုံးဦးရေနစ်သေဆုံးမှု ဇွန်လ ၁၅ ရက် မွန်းလွဲ ၂ နာရီခန့်က ​ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သည့် ကညွတ်ကွင်း နာရေးကူညီမှုအဖွဲ့ထံမှ သိရသည်။

၁၂ နှစ်အရွယ် အမွှာမောင်နှမ နှစ်ဦးဖြစ်သော မောင်ကြယ်စင်အောင်နှင့် မကြယ်စင်အေး၊ ၇ နှစ်အရွယ် မဇွန်ပန်းပွင့်တို့မှာ ကွင်းရှေ့သုသာန်အနီးရှိ မြေများတူးဖော်ထားသော ရေအိုင်တွင် ရေဆင်းကူးရာမှ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူကလေးသုံးဦး၏ ရုပ်အလောင်းကို ဆယ်ယူ၍ ကညွတ်ကွင်းနာရေးကူညီမှုအဖွဲ့မှ အဖွဲ့ဝင်များက ကညွတ်ကွင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး စစ်ဆေးပြီးနောက် နေအိမ်သို့ပြန်လည်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

“ကလေးတွေကို ရေကန်တွေနား၊ ရေမြောင်းတွေနား မသွားကြဖို့၊ ရေမကူးကြဖို့လည်း မှာထားစေချင်တယ်၊ ဂရုစိုက်ကြပါ၊ကလေးတွေရေနစ်သေဆုံးတယ်ဆိုတဲ့သတင်းက မကြာခဏကြားနေရတယ်”ဟု ကညွတ်ကွင်းဒေသခံတစ်ဦးကပြောသည်။

မေလ ၂၂ ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး၊ ဆပ်ပြာကျင်းကျေးရွာရှိ ဇလပ်ထော် ရေလှောင်တမံတွင် ဆယ်ကျော်သက်အရွယ် ကလေးငါးဦးရေဆင်းကူးရာမှ အသက် ၁၀ နှစ်မှ ၁၃ နှစ်အရွယ်ကြားရှိ ကလေးလေးဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့သည်။

မူရင်းသတင်း — Myanmar Transparency News