Myanmar Transparency News

လင်မယားရန်ဖြစ်ရာမှ ဇနီးသည်က ဓားဖြင့်ထိုး၍ ခင်ပွန်းသည် သေဆုံးမှု အောင်ပန်းတွင် ဖြစ်ပွား

၁၈.၆.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်၊ နယ်မြေ ၅ တွင် လင်မယားရန်ဖြစ်ရာမှ ဇနီးက ခင်ပွန်းကို ဓားဖြင့်ထိုးသဖြင့် ခင်ပွန်းသည်သေဆုံးမှု ဇွန်လ ၁၇ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လသားအရွယ် ကလေးနှင်ပတ်သက်၍ လင်မယားစကားများရန်ဖြစ်ရာမှ ခင်ပွန်းသည် အသက် ၂၅ နှစ်အရွယ် ကိုအောင်ကိုထက်က ရိုက်နှက်သဖြင့် ဇနီးသည် မရတနာမိုးက မီးဖိုချောင်းသုံးဓားချွန်ဖြင့် ခင်ပွန်း၏ ရင်ဘတ်ကို ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူကို အောင်ပန်းဆေးရုံသို့ ပို့ဆောင်ပြီး ယင်းမှတဆင့် ကလောဆေးရုံသို့ ပို့ဆောင်စဥ်လမ်း၌ သေဆုံးခဲ့ကြောင်း ကူညီပို့ဆောင်ပေးခဲ့သည့် အောင်ပန်းနာရေးကူညီမှုအသင်းထံမှ သိရသည်။

ခင်ပွန်းသည်ဓားထိုးအသတ်ခံရမှုနှင့်ပတ်သက်၍ ဇနီးသည်ကို အောင်ပန်းနယ်မြေ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News