Myanmar Transparency News

အမြန်လမ်းတွင် ရတနာဖြိုးအဝေးပြေးယာဥ်အား ရွှေမန္တလာယာဥ်က နောက်မှ ဝင်တိုက်ရာမှ အမျိုးသားသုံးဦး သေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် လေးဦးဒဏ်ရာရမှု ယနေ့ဖြစ်ပွား

နေမိုး
၂၂. ၆. ၂၀၂၆

အမြန်လမ်းတွင် ရတနာဖြိုးအဝေးပြေးယာဥ်အား ရွှေမန္တလာအဝေးပြေးယာဥ်က နောက်မှ ဝင်တိုက်ရာမှ အမျိုးသားသုံးဦးသေဆုံးကာ ကိုရင်တစ်ပါးအပါအဝင် လေးဦးဒဏ်ရာရမှု ယနေ့နံနက်ပိုင်းအချိန် ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၃ နာရီခန့်အချိန်က ရန်ကုန်-မန္တလေးလမ်းမကြီး၊ မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ရတနာဖြိုး Express ယာဉ်အား ရွှေမန္တလာ Express ယာဉ်မှ နောက်က ဝင်တိုက်မှုဖြစ်ပွားခဲ့မှုကြောင့် ယာဥ်ပေါ်လိုက်ပါလာသည့် အမျိုးသားခြောက်ဦးနှင့် ကိုရင်တစ်ပါး စုစုပေါင်း ခုနစ်ဦးအနက် အမျိုးသား သုံးဦးနှင့် ကိုရင်တစ်ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားသုံးဦး ‌သေဆုံးသွားသဖြင့် သေဆုံးဒဏ်ရာရသူတို့အား ကြက်ခြေနီအသင်း၊ မြို့မလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်အား ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ရကြောင်းလည်း သိရသည်။

မူရင်းသတင်း — Myanmar Transparency News