Myanmar Transparency News

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားသည့် ပလပ်စတစ်လုပ်ငန်းတစ်ခုအား ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေး ကျပ်သိန်း ၁၅၀၀ ကျော် ပေးဆောင်စေခဲ့သည့်အပြင် လျှပ်စစ်ဥပဒေနှင့်ပါ အရေးယူ

သက်တံ့
၂၃. ၆. ၂၀၂၆

လျှပ်စစ်ဓာတ်အားခိုးယူသုံးစွဲထားသည့် ပလပ်စတစ်လုပ်ငန်းတစ်ခုအား ဓာတ်အားခလျော်ကြေးနှင့် ဒဏ်ကြေး ကျပ်သိန်း ၁၅၀၀ ကျော် ပေးဆောင်စေခဲ့သည့်အပြင် လျှပ်စစ်ဥပဒေနှင့်ပါ အရေးယူထားကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရှိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် မသမာသောနည်းဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲမှုများကို စောင့်ကြည့်စစ်ဆေးဖော်ထုတ်လျက်ရှိရာ ၂၀၂၆ ခုနှစ် ဇွန် ၁၆ ရက်က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့ နယ်အတွင်း တရားမဝင်ဓာတ်အားသုံးစွဲမှုမရှိစေရေးနှင့် ယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေးအတွက် မြောက်ပိုင်းခရိုင်၊ မြို့နယ်များတွင် စီမံချက်အစုအဖွဲ့ (၂၄) အဖွဲ့ဖြင့် ရှောင်တခင် အသေးစိတ်ဝင်ရောက်စစ်ဆေးခဲ့ရာ မှော်ဘီမြို့နယ် ဘိုးဒေါနကုန်းကျေးရွာရှိ ပလတ်စတစ်လုပ်ငန်းတွင် အသုံးပြုထားသော မီတာမှာ Cover Seal နှင့် Terminal Seal များ ပြုပြင်ထားပြီး မီတာအတွင်း Control Circuit ခံ၍ လျှပ်စစ်ဓာတ်အား ခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ယင်း မသမာမှုဖြစ်စဉ်ကြောင့် လျှပ်စစ်ဓာတ်အား  ၃၀၁,၄၃၄ ယူနစ် နစ်နာဆုံးရှုံးခဲ့ရသဖြင့် နစ်နာဆုံးရှုံးမှုအတွက် ဓာတ်အားခလျော်ကြေး၊ ဒဏ်ကြေး ငွေကျပ် ၁၅၁,၀၁၇,၂၆၀ ကို ဇွန် ၁၉ ရက်တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသို့ ပေးဆောင်စေခဲ့ပြီး မီတာအားချက်ချင်းဖြုတ်သိမ်း၍ လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် မှော်ဘီမြို့နယ် မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအနေဖြင့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုမရှိစေရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့များရှိ ပျမ်းမျှယူနစ်ဖြင့် ဓာတ်အားခကောက်ခံလျက်ရှိသည့် နှစ်ကြာ/ ရပ်ပျက်နှေးမီတာများနှင့် LNG နှုန်းဖြင့် ကောက်ခံလျက်ရှိသည့် Analog မီတာများအား AMI မီတာများဖြင့် လဲလှယ်ခြင်း၊ လက်ရှိတပ်ဆင်အသုံးပြုထားသော Digital မီတာအတွင်းရှိ ဓာတ်အားသုံးစွဲခဲ့မှုမှတ်တမ်း အချက် အလက်များအား Download ရယူခြင်း၊ AMI CT မီတာများအား SIM Card များထည့်၍ Control Center ဖြင့် ချိတ်ဆက်ခြင်း၊ မီတာများတွင် တပ်ဆင်ထားသော Seal မှတ်တမ်းများအား ESE Billing Server နှင့် ချိတ်ဆက်ခြင်း၊ တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ရန်အတွက် AMI Monitoring and Control Center ကြီးကြပ်ရေးအဖွဲ့မှ မေ၂၅ ရက်မှစ၍ သွားရောက်စစ်ဆေးလျက်ရှိသည်။

ထိုသို့စစ်ဆေးရာတွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ကရင်ပြည်နယ်၊ ဘားအံ့မြို့တို့တွင် အသုံးပြုလျက်ရှိသည့် စီးပွားရေးလုပ်ငန်းသုံးမီတာ (၅၂)လုံးတို့အနက် မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသူ (၁၃)ဦးကို စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။ မသမာသောနည်းလမ်းဖြင့် ဓာတ်အားရယူသုံးစွဲသည့်ဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် နေ့စဉ်လူဦးရေ ၃၆၆၉ ဦးခန့် လျှပ်စစ်မီးသုံးစွဲခွင့် မရရှိခြင်းနှင့် ညီမျှသော လျှပ်စစ်ဓာတ်အား ယူနစ်ပေါင်း ၁,၂၀၅,၂၆၆ (တစ်သန်းနှစ်သိန်း ငါးထောင်နှစ်ရာခြောက်ဆယ့်ခြောက် ယူနစ်)ဆုံးရှုံးခဲ့ရပြီး ငွေကျပ် ၇၈၅ သန်းကျော် ဆုံးရှုံးနစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာများကို ချက်ချင်းပိတ်သိမ်းခဲ့ကာ လျှပ်စစ်ဥပဒေနှင့်အညီ နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးဆောင်ရွက်နိုင်ခဲ့သည်။

ထို့အတူ ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကလည်း မြောင်းတကာစက်မှုဇုန်၊ မြေကွက် အမှတ် (၅၂/၅၃) ရှိ ZON TAI STEEL Co., Ltd သံရည်ကျိုစက်ရုံကို ဝင်ရောက်စစ်ဆေးရာ မီတာအား မသမာသောနည်းဖြင့်ဖွင့်၍ ပြုပြင်ပြီး ဓာတ်အားခိုးယူသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ယင်းသို့ မသမာမှုဖြစ်စဉ်ကြောင့် နိုင်ငံတော်အနေဖြင့် လျှပ်စစ်ဓာတ်အားယူနစ် ငါးသန်းခြောက်သောင်းရှစ်ထောင်ရှစ်ရာအတွက် ငွေကျပ် သန်း ၄၅၀၀ ကျော် ဆုံးရှုံးနစ်နာစေခဲ့သဖြင့် လျှပ်စစ်မီတာအား ချက်ချင်းပိတ်သိမ်းခဲ့ပြီး နစ်နာဆုံးရှုံးမှုများ ပြန်လည်ရရှိရေးနှင့် လျှပ်စစ်ဓာတ်အားကို မသမာသောနည်းဖြင့် ရယူသုံးစွဲထားသည့် လုပ်ငန်းရှင်အား လျှပ်စစ်ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရန်အတွက် မှော်ဘီမြို့မရဲစခန်း၌ ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်တွင် အမှုဖွင့်လှစ်အရေးယူ ဆောင်ရွက်ခဲ့သည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေမှုများကို Control Center မှ စောင့်ကြည့်စစ်ဆေး၍ သံသယဖြစ်ဖွယ်တွေ့ရှိသည်နှင့် မြေပြင်သို့သွားရောက်ပြီး တရားမဝင်ဓာတ်အားသုံးစွဲမှုများကို စုံစမ်းဖော်ထုတ်အရေးယူခြင်း၊ ပြည်သူများ၏ တိကျစွာသတင်းပေးတိုင်ကြားလာမှုများအပေါ် ထိရောက်စွာစစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းတို့ဖြင့် လျှပ်စစ်ဓာတ်အားယူနစ်ပျောက်ဆုံးမှု (Losses) လျော့နည်းကျဆင်းစေရေး ကြိုး ပမ်းဆောင်ရွက်လျက်ရှိရာ ယင်းသို့ ဓာတ်အားခိုးယူသုံးစွဲမှုများအား ဖော်ထုတ်လာနိုင်သည်နှင့်အမျှ ပြည်သူများသို့ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးသွားနိုင်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား မသမာသုံးစွဲမှုများနှင့်ပတ်သက်၍ တိကျစွာသတင်းပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ 

မူရင်းသတင်း — Myanmar Transparency News