Myanmar Transparency News

ဝါယာကြိုးအပူလွန်ကဲရာမှ YBS ၃၅ ခရီးသည်တင်ယာဥ်တစ်စီး မီးလောင်မှု မင်္ဂလာဒုံတွင် ဖြစ်ပွား

၁၇.၇.၂၀၂၆
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊​ တောင်ပိုင်းရပ်ကွက်၊ မယ်ခွေလမ်းမကြီး၊ CNG ဂက်စ်ဆိုင်ရှေ့တွင် YBS ၃၅ ခရီးသည်တင်ယာဥ်တစ်စီး ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှု ဇူလိုင်လ ၁၆ ရက် ည ၁၀ နာရီ ၄၈ မိနစ်တွင် ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ HYUNDAI အမျိုးအစား YBS ၃၅ ခရီးသည်တင်ယာဥ်တစ်စီးမှာ ကားစက်နှိုးပြီး သော့ပြန်ပိတ်စဥ် သော့မပိတ်ဘဲ ဝါယာကြိုးများ အပူလွန်ကဲ၍ အနီးရှိ အဲယားကွန်းလိုင်နာများသို့ မီးကူးစက်ကာ စတင်လောင်ကျွမ်းခဲ့ကြောင်း စစ်ဆေးသူများထံမှ သိရသည်။

မီးလောင်မှုကြောင့် တာယာနှစ်လုံး၊ ဘေးမှန်နှင့် ကားအဲယားကွန်းလိုင်နာများ မီးကူးစက်၍ လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် တစ်စီး၊ ရေသယ်ယာဥ် တစ်စီး၊ သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ည ၁၀ နာရီ ၅၉ မိနစ်တွင် မီးငြိမ်းခဲ့သည်။

ခရီးသည်တင်ယာဥ် မီးလောင်မှုကြောင့် အသက် ၃၅ နှစ်အရွယ် ဦးကျော်သက်အောင်ကို ထောက်ကြန့်နယ်မြေရဲစခန်းက ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားသည်။

မူရင်းသတင်း — Myanmar Transparency News