Myanmar Transparency News

မူဆယ်တွင် ပျောက်ဆုံးနေသော နှစ်နစ်အရွယ်ကလေးငယ်ကို ရေကန်အတွင်း သေဆုံးလျက်သားတွေ့ရှိ

၁၇.၇.၂၀၂၆
Written by KL

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်တွင် ပျောက်ဆုံးနေသော အသက်နှစ်နစ်အရွယ် ကလေးငယ်တစ်ဦးကို မန့်မိုင်ရွာအနီးရှိ ရေကန်တစ်ခုတွင် ဇူလိုင်လ ၁၆ ရက် မွန်းလွဲပိုင်းက သေဆုံးလျက်သား ပြန်လည်တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပျောက်ဆုံးခဲ့သည့်ကလေးငယ်မှာ ဟိုနားရပ်ကွက်၊ မန့်မိုင်ကျေးရွာတွင်နေထိုင်သော အသက် နှစ်နစ်အရွယ် မောင်ဆန်းဖြိုးမောင်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခန့်က ပျောက်ဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကလေးငယ်မှာ ဖခင်နှင့်အတူ ငါးမျှားခဲ့ဖူးသော ရေကန်တွင် ဇူလိုင်လ ၁၆ ရက်နေ့က ရေနစ်သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ပြီး ရုပ်အလောင်းကို ဒေသခံလူမှုကူညီရေးအသင်းတစ်ခုမှ အသင်းဝင်များက ဆယ်ယူပေးခဲ့ကြောင်း သိရသည်။

“ကလေးဆိုတော့ သွားချင်ရာသွားပြီး ရေကန်ထဲ ပြုတ်ကျသွားတာနေမှာ။ မိဘတွေအနေနဲ့ အိမ်ရဲ့အနီးအနားက ရေချောင်း၊ ရေမြောင်း၊ ရေကန်၊ ရေတွင်းတွေရှိရင် ပို​ပြီးဂရုစိုက်သင့်ပါတယ်”ဟု မူဆယ်မြို့ရှိ လူမှုကူညီရေးလုပ်ငန်းများလုပ်ဆောင်သူတစ်ဦးက ပြောသည်။

မူရင်းသတင်း — Myanmar Transparency News