Eleven Media Group

ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ပစ်မှတ်ထားနေတဲ့ ဘာကိုလာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၇၀)ရရှိဖို့ PSG လိုလားနေ

Photo: X

PSG အသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေ ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ပြင်သစ်တောင်ပံကစားသမား ဘာကိုလာအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၁၇၀)ရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။
PSG အသင်းက ဘာကိုလာ(၂၃ နှစ်)ကို သက်တမ်းတိုးဖို့ စီစဉ်နေပေမဲ့ ဘာကိုလာက သက်တမ်းမတိုးတော့ဘဲ ပုံမှန်ပွဲကစားခွင့်ရရှိမယ့် အသင်းထံ ပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားပြီဖြစ်ကြောင်း မီဒီယာတချို့က ဖော်ပြခဲ့ကြပါတယ်။
ဘာကိုလာက ၂၀၂၃ နွေရာသီမှာ လိုင်ယွန်ကနေ PSG အသင်းကို ယူရို(၄၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။
ဘာကိုလာက PSG အသင်းနဲ့အတူ ပြင်သစ်လိဂ်မှာသာမက ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် လီဗာပူးလ်၊ အာဆင်နယ်၊ ချယ်လ်ဆီးနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ လီဗာပူးလ်အသင်းက ကမ်းလှမ်းမှုပြုလုပ်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းရဲ့ တာဝန်ရှိသူတချို့ ပြင်သစ်ကို ရောက်ရှိနေပြီး ဘာကိုလာနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရယူနိုင်ဖို့ ကြိုးပမ်းနေကြောင်းလည်း သတင်းထွက်နေပါတယ်။
လီဗာပူးလ်အသင်းက ဆာလာနေရာ အစားထိုးဖို့အတွက် ဘာကိုလာကို ပစ်မှတ်ထားနေတာဖြစ်ပြီး ဘာကိုလာကလည်း လီဗာပူးလ်အသင်းမှာ ပြောင်းရွှေ့ကစားဖို့ လိုလားနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group