ရန်ကုန်၊ ဇူလိုင် ၂၈
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က လှော်ကားရေတွန်းစက်ရုံရှိ လျှပ်စစ် Transformer ချို့ယွင်းမှုကို ပြုပြင်ပြီးစီးခဲ့သဖြင့် ရေတွန်းစက်များကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်လျက်ရှိပြီး ရန်ကုန်တွင်းမြို့နယ်များသို့ ရေပေးဝေမှုကိုလည်း ပုံမှန်ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။
YCDC ၏ ထုတ်ပြန်ချက်အရ လှော်ကားရေတွန်းစက်ရုံရှိ 33/6 kV, 4 MVA Transformer ၏ OLTC Control Unit ချို့ယွင်းမှုကြောင့် ဇူလိုင် ၂၇ ရက် နေ့လယ် ၁ နာရီမှ ၃ နာရီအထိ ရေတွန်းစက်များကို ယာယီရပ်နား၍ ပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို နေ့လယ် ၃ နာရီတွင် အောင်မြင်စွာ ပြီးစီးခဲ့ပြီးနောက် ရေတွန်းစက်များကို စွမ်းအားပြည့် ပြန်လည်မောင်းနှင်လျက်ရှိကြောင်းနှင့် ရေပေးဝေမှုမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်း YCDC က အသိပေးထားသည်။
ပြုပြင်မှုကာလအတွင်း မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် ရေပြတ်တောက်ခြင်းနှင့် ရေအားနည်းခြင်းများ ဖြစ်ပေါ်ခဲ့နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
YCDC က ယင်းကဲ့သို့ ရေပေးဝေမှု ယာယီအနှောင့်အယှက် ဖြစ်ပေါ်ခဲ့သည့်အတွက် ရေသုံးစွဲသူပြည်သူများအား တောင်းပန်ထားပြီး ရေသုံးစွဲရာတွင် အခက်အခဲများရှိပါက သက်ဆိုင်ရာ ခရိုင်ရုံးများ၏ အရေးပေါ်ဖုန်းနံပါတ်များသို့ ဆက်သွယ်၍ အကူအညီရယူနိုင်ကြောင်း အသိပေးထားသည်။