Popular Myanmar

ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေး ရန်ကုန်မြို့တော် ရေပေးဝေရေး၌ ကလိုရင်းဆေး စနစ်တကျ ခတ်ပေးလျက်ရှိ

ရန်ကုန်၊သြဂုတ်-၁၃

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် မြို့တော်သူ မြို့တော်သားများ ကျန်းမာရေး ဘေးကင်းလုံခြုံစေရေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အချို့သို့ ဖြန့်ဖြူးပေးလျက်ရှိသည့် ရေပိုက်လိုင်းများအတွင်း ကလိုရင်း (Chlorine) ပိုးသတ်ဆေးကို စနစ်တကျ ခတ်ပေး၍ ရေဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရေပေးဝေရေး လုပ်ငန်းစဉ်များကို ဩဂုတ် ၁၂ ရက်မှစတင်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး ရေပိုက်လိုင်းမှတစ်ဆင့် သောက်သုံးရေအတွင်း ကျန်းမာရေး ထိခိုက်စေနိုင်သည့် ဘက်တီးရီးယားနှင့် ပိုးမွှားများ ကင်းစင်စေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်သည်။

စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ အရာထမ်းတစ်ဦး၏ ပြောကြားချက်အရ ရေထဲသို့ ကလိုရင်းဆေး ခတ်ပေးရာတွင် သတ်မှတ်ထားသည့် အချိန်အဆနှင့် စံချိန်စံညွှန်းများအတိုင်း စနစ်တကျ ထည့်သွင်းပေးနေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် အနံ့နှင့် ပတ်သက်၍ စိုးရိမ်ရန် မလိုကြောင်းလည်း သိရသည်။

ဆေးကိုသတ်မှတ်ထားတဲ့အချိန်အဆအတိုင်းစနစ်တကျထည့်တာဖြစ်ပါတယ်။ပုံမှန်မထည့်ဖူးတော့ပြည်သူတွေအနေနဲ့အနံ့နဲ့အသားမကျတာကြောင့်စိုးရိမ်တာဖြစ်နိုင်ပါတယ် ဟု ၎င်းက ပြောသည်။

ကလိုရင်း ပိုးသတ်ဆေးသည် ရေထဲတွင်ရှိသည့် ရောဂါပိုးမွှားများကို ထိရောက်စွာ သတ်ပေးနိုင်သည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြု ပိုးသတ်ဆေးအမျိုးအစား ဖြစ်သည်။

စည်ပင်သာယာရေးကော်မတီအနေဖြင့် ပြည်သူများ သောက်သုံးရေ သန့်ရှင်းဘေးကင်းစွာ အသုံးပြုနိုင်ရေးအတွက် စနစ်တကျ ထိန်းချုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Photo-YCDC

မူရင်းသတင်း — Popular Myanmar