Eleven Media Group

ဖီဖာရဲ့ ရှယ်ယာရောင်းချမယ့်အစီအစဉ်ကို UEFA နဲ့အတူ ကွန်ကာကပ်ဖ်ကလည်း ကန့်ကွက်ကြောင်း ကြေညာ

Photo: X

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ရှယ်ယာရောင်းချမယ့် အစီအစဉ်ကို ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)နဲ့အတူ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကန့်ကွက်ကြောင်း ကြေညာခဲ့ပါတယ်။
ဖီဖာက ကမ္ဘာ့ဖလားအပါအဝင် ဖီဖာက ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲတွေရဲ့ ရှယ်ယာကို ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေဆီ ရောင်းချဖို့ အဆိုပြုခဲ့တာဖြစ်ပြီး ဖီဖာအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးစရိတ် ပိုမိုရရှိလာစေဖို့ဖြစ်ကြောင်း ဖြေရှင်းချက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ ဒီလိုရောင်းချလိုက်မယ်ဆိုရင် စီးပွားရေးအကျိုးအမြတ်အတွက် ဦးတည်လာမှာဖြစ်တာကြောင့် လက်မခံနိုင်ကြောင်း UEFA က ကြေညာခဲ့သလို၊ အရေးပေါ်အစည်းအဝေး ပြုလုပ်ခဲ့ပြီးနောက် ဖီဖာအနေနဲ့ ဒီအဆိုပြုမှုကို မရုပ်သိမ်းမချင်း ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
မြောက်အမေရိက၊ ကာရစ်ဘီယန်နဲ့ ဗဟိုအမေရိကနိုင်ငံတွေနဲ့ ဖွဲ့စည်းထားတဲ့ ကွန်ကာကပ်ဖ်ဘောလုံးအဖွဲ့ချုပ်ကလည်း အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဖီဖာရဲ့ အဆိုပြုမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့် ဗြိတိန်မီဒီယာတချို့ကတော့ ဖီဖာရဲ့ ရှယ်ယာရောင်းချမယ့်အစီအစဉ် အဆုံးသတ်သွားပြီဖြစ်ကြောင်း၊ UEFA မပါဝင်ဘဲ ဖီဖာအနေနဲ့ ရပ်တည်ဖို့ မဖြစ်နိုင်ကြောင်းနဲ့ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုအနေနဲ့ ရာထူးက နုတ်ထွက်သင့်ကြောင်း ဖော်ပြခဲ့ပါတယ်။
UEFA က ဥရောပကလပ်အသင်းများအဖွဲ့(EFC)ရဲ့ ဥက္ကဋ္ဌဖြစ်သလို၊ UEFA ရဲ့ အမှုဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးလည်းဖြစ်တဲ့ အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီကို လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်စေဖို့ လိုလားနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group