Eleven Media Group

ဂျွန်စတုန်းစ်ကို အင်တာမီလန်အသင်း ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆို

Photo: X

အင်တာမီလန်အသင်းဟာ မန်စီးတီးကစားသမားဟောင်း ဂျွန်စတုန်းစ်ကို ၂၀၂၈ ခုနှစ်အထိ (၂)နှစ်စာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နောက်ခံလူ ဂျွန်စတုန်းစ်ဟာ ဇူလိုင်(၁)ရက်နေ့မှာ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး လမ်းခွဲခဲ့တာပါ။
ဂျွန်စတုန်းစ်ကို ချယ်လ်ဆီး၊ အာဆင်နယ်နဲ့ ဂျူဗင်တပ်စ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း သတင်းထွက်ခဲ့ပြီး အင်တာမီလန်အသင်းက ခေါ်ယူနိုင်ခဲ့တာပါ။
အင်တာမီလန်အသင်းက ဂျွန်စတုန်းစ်ကို တစ်နှစ်လစာ ယူရို(၄)သန်းနှုန်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျွန်စတုန်းစ်ဟာ ဘန်စလေအသင်းမှာ ကစားသမားဘဝ စတင်ခဲ့ပြီး အဲဗာတန်နဲ့ မန်စီးတီးအသင်းမှာပဲ ကစားခဲ့ဖူးတာကြောင့် အခု ပထမဆုံးအကြိမ်အဖြစ် ပြည်ပထွက်ကစားခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
''ကျွန်တော်က ဆုဖလားတွေ နောက်ထပ်ရယူဖို့ အရမ်းဆာလောင်နေသူတစ်ယောက်ပါ။ အတိတ်မှာ ဆုဖလားများစွာ ရယူနိုင်ခဲ့ပြီး အဲဒီအတွေ့အကြုံတွေနဲ့ ဒီအသင်းကို ကူညီပေးသွားချင်ပါတယ်။ ကျွန်တော် အရမ်းစိတ်လှုပ်ရှားနေပါတယ်'' လို့ ဂျွန်စတုန်းစ်က ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group