
အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်က လူမှုကွန်ရက်ကတစ်ဆင့် ဘာစီလိုနာအသင်းကို ကျေးဇူးတင်နှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရပါတယ်။
ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီမှာ မန်ယူကနေ ဘာစီလိုနာအသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားခဲ့ပြီး ယူရိုသန်း(၃၀)နဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိခဲ့ပေမဲ့ ဘာစီလိုနာအသင်းက မခေါ်ယူခဲ့ပါဘူး။
ဒါကြောင့် လက်ရှိအချိန်မှာ ရပ်ရှ်ဖို့ဒ်အနေနဲ့ အသင်းဟောင်း မန်ယူနဲ့ ပြန်လည်ပူးပေါင်းရတော့မှာဖြစ်တာကြောင့် ဘာစီလိုနာအသင်းကို ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်စကား ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။
'' အပေါင်းလက္ခဏာဆောင်ပြီး အမှတ်ရစရာကောင်းတဲ့ အတွေ့အကြုံတွေ ရရှိစေခဲ့တဲ့အတွက် အသင်းမှာရှိတဲ့သူတိုင်းကို ကျွန်တော် အရမ်းကျေးဇူးတင်ပါတယ်။ အခိုက်အတန့်တိုင်းကို ပျော်ရွှင်ခဲ့ရပြီး ထူးခြားတဲ့ အမှတ်တရများစွာ ပိုင်ဆို်င်ခဲ့ရပါတယ်။ ဒီအသင်းနဲ့ အားပေးတဲ့ပရိသတ်တွေ လာမယ့်ရာသီ ပြိုင်ပွဲတိုင်းမှာ အောင်မြင်မှုရရှိစေဖို့ ဆန္ဒပြုပါတယ်'' လို့ ရပ်ရှ်ဖို့ဒ်က Instagram မှာ ရေးသားခဲ့တာပါ။
ရပ်ရှ်ဖို့ဒ်က မန်ယူနည်းပြ ကာရစ်နဲ့ တွေ့ဆုံပြီး သူ့အနာဂတ်အတွက် ဆွေးနွေးသွားဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။
လောလောဆယ်မှာ မန်ယူအသင်းက ရပ်ရှ်ဖို့ဒ်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားဖို့ စီစဉ်ထားပြီး ချယ်လ်ဆီး၊ ရီးယဲလ်မက်ဒရစ်၊ အက်စတွန်ဗီလာနဲ့ စပါးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။