Eleven Media Group

၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ယူရို(၅၄၀၀၀)နဲ့ မန်ဒီ လေလံတင်ရောင်းချ

Photo: X

ပြင်သစ်လက်ရွေးစင်နောက်ခံလူ ဘင်ဂျမင်မန်ဒီဟာ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုဖလားကို ယူရို(၅၄၀၀၀)နဲ့ လေလံတင်ရောင်းချခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ မန်ဒီဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် မိနစ်(၄၀)သာ ကစားခွင့်ရခဲ့ပေမဲ့ ချန်ပီယံဆုဖလား ရရှိခဲ့တာပါ။
မန်ဒီက ဒီဆုဖလားကို အမေရိကန်လေလံကုမ္ပဏီ Goldin က ပြုလုပ်တဲ့ The Football Global Auction, Part Two လေလံပွဲမှာ ရောင်းချခဲ့တာဖြစ်ပြီး ယူရို(၅၄၀၀၀) ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်ကွင်းလယ်ကစားသမား ပေါ့ဘာက အသင်းဖော်တွေကို ချန်ပီယံလက်စွပ်တစ်ကွင်းစီ လက်ဆောင်ပေးခဲ့ပြီး အဲဒီလက်စွပ်ကိုလည်း မန်ဒီက လေလံတင်ရောင်းချခဲ့ကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ ပိုလန်ကလပ် ပိုဂွန်ဆဇက်စင်အသင်းမှာ ကစားနေတဲ့ မန်ဒီဟာ မန်စီးတီးအသင်းမှာလည်း ကစားခဲ့ဖူးပြီး မုဒိမ်းမှု ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် နောက်ဆုံး(၂)ရာသီမှာ မကစားရသလောက် ဖြစ်ခဲ့ပါတယ်။
မန်ဒီက ၂၀၁၇-၁၈ ရာသီမှာ မန်စီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု ရရှိတုန်းကလည်း ပွဲစဉ်(၇)ပွဲမှာ (၃၆၁)မိနစ်သာ ကစားခဲ့ရပြီး ချန်ပီယံဆုတံဆိပ်ရရှိခဲ့တာကြောင့် ကံအကောင်းဆုံးဘောလုံးသမားအဖြစ်လည်း ညွှန်းဆိုခံခဲ့ရဖူးပါတယ်။

မူရင်းသတင်း — Eleven Media Group