
အာဆီယံနိုင်ငံအချို့၏ အပြုသဘောမဆောင်သော ခွဲခြားဆက်ဆံမှုများအပေါ် ဖြစ်ရပ်တစ်ခုချင်းစီအလိုက် လိုအပ်သည့်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
နိုင်ငံတော်သမ္မတက အစိုးရ၏ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ (ဇူလိုင် ၃၁ ရက်) ပြောကြားခဲ့ပြီး ယင်းမိန့်ခွန်းတွင် နိုင်ငံခြားရေးမူဝါဒနှင့်ပတ်သက်၍ ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတက အာဆီယံအခြေအနေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အာဆီယံ၏ ထုတ်ပြန်ချက် ငါးချက်သည် အာဆီယံအဖွဲ့၏ ဘုံသဘောတူညီချက်မဟုတ်ဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ ထုတ်ပြန်ချက် နောက်ဆက်တွဲအဖြစ်သာ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်၍ အစိုးရအနေဖြင့် ယင်းထုတ်ပြန်ချက်များသည် အစိုးရချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရာ၌ အထောက်အကူပြုခြင်း၊ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းစေခြင်းနှင့် ASEAN Charter ၊ ASEAN Way ၊ ASEAN Sprit တို့အပေါ်တွင် အခြေခံမည်ဆိုပါက အပြုသဘောဆောင် စဉ်းစားပေးမည်ဆိုသည်ကိုလည်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
"လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်း အာဆီယံနိုင်ငံအချို့ရဲ့ သဘောထားနဲ့ မြန်မာနိုင်ငံအပေါ် ခွဲခြားဆက်ဆံတာတွေ ပြုလုပ်ခဲ့ပေမယ့် ကျွန်တော်တို့အနေနဲ့နဲ့ စိတ်ရှည်သည်းခံပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေနဲ့အညီ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ အပြုသဘောမဆောင်တဲ့ ခွဲခြားဆက်ဆံမှုတွေကို နိုင်ငံတော်က လိုအပ်တဲ့ တုံ့ပြန်မှုတွေ Case by Case တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ပါတယ်"ဟု နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
အစိုးရအနေဖြင့် နိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ ပကတိအခြေအနေများကို အခြေခံပြီး အမျိုးသားအကျိုးစီးပွားနှင့် အချုပ်အခြာအာဏာကို အလေးထားစောင့်ရှောက်ကာ မြန်မာနိုင်ငံ ဦးဆောင်သော မြန်မာ့ကိုယ်ပိုင်နည်းလမ်းဖြင့် အာဆီယံနှင့် ဆက်ဆံရေးကို တိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ကာကွယ်မြှင့်တင်သည့်နေရာတွင် အခြေခံဥပဒေပါ နိုင်ငံခြားရေးမူဝါဒဖြစ်သော လွတ်လပ်ပြီး တက်ကြွသော ဘက်မလိုက်သော မူဝါဒကို စွဲကိုင်ပြီး နိုင်ငံတကာဆက်ဆံရေးတွင် ဘက်မျှ ဟန်ချက်ညီသော ဆက်ဆံရေးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
အိမ်နီးနားချင်း နိုင်ငံများ၊ ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအသီးသီးတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်နှင့်အညီ နိုင်ငံတကာဆက်ဆံရေးကိုလည်း ခိုင်မာအောင် တည်ဆောက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။