
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ သြဂုတ် ၇ ရက်က နေပြည်တော်တွင် တွေ့ဆုံ၍ ငြိမ်းချမ်းရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် အွန်းလိုင်းလောင်းကစားမှုများ တိုက်ဖျက်ရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
NSPNC နှင့် SSPP တို့၏ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်ရှိ ရွှေအိမ်စံဟိုတယ် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ SSPP ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖ၊ အတွင်းရေးမှူး (၃) စဝ်ပထွန်း၊ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် စဝ်ဖူးလူနှင့် စဝ်စွမ်မောဝ်၊ ရုံးအဖွဲ့မှူး စဝ်အွန်မိန်းတို့ ပါဝင်သည့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အဖွဲ့သည် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက် ငြိမ်းချမ်းရေးဖိတ်ခေါ်မှုအပြီးတွင် အစောဆုံး လာရောက်တွေ့ဆုံခဲ့သည့် အဖွဲ့ဖြစ်ကြောင်း၊ ယနေ့တွေ့ဆုံမှုသည် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ဒုတိယအကြိမ်တွေ့ဆုံမှုဖြစ်ပြီး ယခင်ကလည်း တွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း၊ ပထမအကြိမ်တွင် နှစ်ဖက်ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ပြီး ဒေသတည်ငြိမ်ရေးနှင့် ပတ်သက်၍ နှစ်ဖက်ပေါင်းစပ်အဖွဲ့ ဖွဲ့စည်းနိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြောင်း ပြောကြားသည်။
ထို့ပြင် ဒေသတွင်းမတည်ငြိမ်သည့် အခြေခံအကြောင်းရင်းများဖြစ်သည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားများကို အဓိက ပပျောက်စေလိုကြောင်း၊ လက်နက်ကိုင်ပဋိပက္ခများ မဖြစ်ရန်လိုအပ်ကြောင်း၊ ပဋိပက္ခဖြစ်ပွားသည်နှင့် ဒေသတွင်းအရင်းအမြစ်များစွာ ဆုံးရှုံးပါကြောင်းနှင့် ပထမအကြိမ် ဆွေးနွေးချက်များအား မည်သို့ဆောင်ရွက်နေသည်ကို နှစ်ဖက်ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးစေလိုကြောင်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောကြားသည်။
ထို့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖက ယနေ့ ဆွေးနွေးပွဲတွင် ကောင်းမွန်သည့် ရလဒ်ရရှိမည်ဟု မျှော်လင့်ကြောင်း၊ ယခုတွေ့ဆုံပွဲတွင် ပထမအကြိမ် အစည်းအဝေး ဆုံးဖြတ်ချက်များကို အခြေခံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ SSPP အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုပေါ်ပေါက်လာရေးအခြေခံပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရေး “မူ”ကို အစဉ်အမြဲကိုင်စွဲထားကြောင်းနှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စိတ်ဆန္ဒရှိကြောင်း ပြောကြားသည်။
ထို့ပြင် လက်ရှိအနေအထားတွင် မိမိတို့ ဒေသဖွံ့ဖြိုးရေးကို ကြိုးစားဆောင်ရွက်နေပြီး တပ်မတော်နှင့်လည်း ထိတွေ့မှုမရှိကြောင်း၊ အတိတ်က ဖြစ်စဉ်များအား အမြဲသင်ခန်းစာယူပါကြောင်း၊ ငြိမ်းချမ်းရေးသည် မိမိတို့ ပြည်ထောင်စုကြီးအတွက် မရှိမဖြစ်လိုအပ်ချက်ဖြစ်ကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိမှသာ ဒေသဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လက်ရှိရရှိထားသည့် အေးချမ်းတည်ငြိမ်မှုအား မပျောက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားပါက ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် နိုင်ငံတော်အား တည်ဆောက်နိုင်မည်ဖြစ်ကြောင်းလည်း SSPP ဒုတိယဥက္ကဋ္ဌ (၃) က ပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထုဘဝဖွံ့ဖြိုးကောင်းမွန်စေရေး၊ နိုင်ငံတစ်ဝန်းလုံး ငြိမ်းချမ်းရေး ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများအား လုံးပါဝင်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးအတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များ၊ ဝမ်ဟိုင်းဒေသတွင် MPT အင်တာနက်လိုင်းများ ရရှိရေး၊ မူးယစ်ဆေးဝါး၊ အွန်လိုင်းလောင်းကစား၊ အွန်လိုင်းလိမ်လည်မှုများ၊ နယ်မြေကျော်လွန်ခြင်းကိစ္စများနှင့် စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က SSPP မှ တင်ပြသည့် ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေး ဆောင်&ွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအပေါ် မှတ်တမ်းတင်နိုင်ရန် ညှိနှိုင်းပြီး မှတ်တမ်းအား လက်မှတ်ရေးထိုး အတည်ပြုခဲ့ကြသည်။
ယင်းနောက် SSPP ဒုတိယဥက္ကဋ္ဌ (၃) စဝ်ဆေပိုင်ဖက ကျေးဇူးတင်စကားပြောကြားပြီး NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်၍ ဆွေးနွေးပွဲအား ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှို ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်ရာတွင် လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် အထူးလိုအပ်သည်ဟု ယုံကြည်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ကြိုတင်ကန့်သတ်ချက်များမထားသည့် ဆွေးနွေးပွဲများ ပြုလုပ်နိုင်ရန် ကြေညာချက်အမှတ် ၁/၂၀၂၆ ဖြင့် ၂၁-၄-၂၀၂၆ တွင် ကမ်းလှမ်းဖိတ်ခေါ်ထားသည်။