Eleven Media Group

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ​​ကြောင်း နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ​ပြောကြား

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနှင့် သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိ​​ကြောင်း နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်တာခိုင်ခိုင်စိုးက ​ပြောကြားသည်။

အမျိုးသမီး ပြည်သူ့စစ်မှုထမ်းများ ခေါ်ယူ​နေပြီး သင်တန်း​ပေး​နေသည်ဆိုသည့် ​သတင်းများထွက်​ပေါ်လာမှုအ​ပေါ် နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်တာခိုင်ခိုင်စိုးက ​ယ​နေ့(သြဂုတ် ၁၁ ရက်)တွင် ပြန်လည်ရှင်းလင်း ပြောကြားခြင်းဖြစ်သည်။

"လက်ရှိအချိန်အထိ မိမိဆန္ဒအလျောက် လျှောက်လွှာတင်သွင်းပြီး တက်ရောက်ရတဲ့ အမျိုးသမီးစစ်မှုထမ်း တပ်သား၊ တပ်ကြပ်ကြီးစာရေးနဲ့ အရာရှိသင်တန်းများကိုသာ ဖွင့်လှစ်ထားပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းများ ခေါ်ယူခြင်းနဲ့ သင်တန်းဖွင့်လှစ်ခြင်း လုံးဝမရှိကြောင်း ပြောလိုပါတယ်"ဟု နိုင်ငံ​တော်သမ္မတရုံး ​ပြော​ရေးဆိုခွင့်ရှိသူ ​ဒေါက်တာခိုင်ခိုင်စိုးက ​ပြောကြားသည်။

ထို့ကြောင့် မှော်ဘီ ရကသ (၄) တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသမီးစစ်မှုထမ်းသင်တန်း ဖွင့်လှစ်ထားသည်ဟု ထွက်ပေါ်နေသည့် သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း အသိပေးအပ်​ကြောင်း ၎င်းကဆိုသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အမျိုးသားပြည်သူ့စစ်မှုထမ်းများ ​ခေါ်ယူလျက်ရှိရာ သင်တန်းအမှတ်စဉ်(၂၇)အထိ​ရောက်ရှိ​နေပြီဖြစ်ပြီး လက်ရှိအထိ သင်တန်းဆင်းသွားသည့် သင်တန်းအမှတ်စဉ်မှာ သင်တန်းအမှတ်စဉ်(၂၄)အထိ ရှိပြီဖြစ်သည်။

မူရင်းသတင်း — Eleven Media Group