
■ အာဆီယံ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပြည်တွင်းရေးကိစ္စရပ်များကိုသာ အလေးထားဖြေရှင်းရန် လိုလားမှုသည် အာဆီယံအသင်းကြီး၏ အချက်အချာကျမှုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေမည်ဟု ဆို
အာဆီယံသည် အင်အားကြီးနိုင်ငံများအကြား မဟာဗျူဟာပြိုင်ဆိုင်မှုများ၊ ပထဝီနိုင်ငံရေးတင်းမာမှုများ၊ နိုင်ငံဖြတ်ကျော်မှုခင်းများ၊ အွန်လိုင်းလိမ်လည်မှုများ၊ စွမ်းအင်နှင့် စားရေရိက္ခာလုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများ၊ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများ စသည့်စိန်ခေါ်မှုများကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံက ပြောကြားသည်။
ယနေ့ (သြဂုတ် ၈ ရက်) တွင် ကျရောက်သည့် (၅၉) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့၌ အာဆီယံပြည်သူများသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ထိုသို့ ထည့်သွင်းပြောကြားထားခြင်းသည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကြုံတွေ့နေရသော လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးဆိုင်ရာစိန်ခေါ်မှုများ ကွဲပြားခြားနားသည့်အလျောက် အကျိုးစီးပွားနှင့် ဦးစားပေးဆောင်ရွက်မှုအခန်းကဏ္ဍသည်လည်း ကွဲပြားလျက်ရှိကြကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ထို့ကြောင့် အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ပြည်တွင်းရေးကိစ္စရပ်များကိုသာ အလေးထားဖြေရှင်းရန် လိုလားမှုသည် အာဆီယံအသင်းကြီး၏ အချက်အချာကျမှုအပေါ် ကြီးမားသော သက်ရောက်မှုဖြစ်စေမည်ဖြစ်ကြောင်း၊ အာဆီယံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှု၊ အပြန်အလှန်လေးစားမှုနှင့် နားလည်မှုတို့ကို အခြေခံ၍ အာဆီယံ၏ အချက်အချာကျမှုကို ဆက်လက်ထိန်းသိမ်းကာ အားလုံးပါဝင်မှုရှိပြီး စည်းမျဉ်းအခြေပြုသော ဒေသဆိုင်ရာဖွဲ့စည်းတည်ဆောက်မှုကို ပိုမိုအားကောင်းစွာ ဖော်ဆောင်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
မြန်မာနိုင်ငံ၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထုဆန္ဒနှင့်အညီ လွတ်လပ်မှု၊ တရားမျှတမှုတို့ဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ထွက်ပေါ်လာသည့် ရွေးကောက်ခံအစိုးရသစ်အနေဖြင့် မြန်မာဦးဆောင်သည့် မြန်မာ့ကိုယ်ပိုင်လုပ်ငန်းစဉ်ဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
တစ်ချိန်တည်းမှာပင် အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံ၏ အခြေခံမူများကို လေးစားလိုက်နာလျက် ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် အာဆီယံမိသားစုဝင်နိုင်ငံများနှင့်အတူ ဆက်လက်လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
(၅၉) နှစ်တာ ကာလအတွင်း အာဆီယံ၏ အောင်မြင်မှုများသည် အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားမှု၊ ယုံကြည်မှု၊ တာဝန်ယူမှုနှင့် “အာဆီယံမိသားစု” စိတ်ဓာတ်အပေါ် အခြေခံ၍ အာဆီယံအချက်အချာကျမှုနှင့် အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူများကို တစိုက်မတ်မတ် စောင့်ထိန်းလိုက်နာခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
ယင်းခိုင်မာသောအုတ်မြစ်များကို ဆက်လက်ထိန်းသိမ်း၍ အာဆီယံမျှော်မှန်းချက် ၂၀၄၅ နှင့်အညီ ပိုမိုခံနိုင်ရည်ရှိသော၊ ဆန်းသစ်တီထွင်မှုကို အားပေးသော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူဗဟိုပြုသော အသိုက်အဝန်းတစ်ရပ်ကို “မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျန်မနေစေရေး - Leaving No One Behind” မူနှင့်အညီ တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။
အလားတူ ဒေသတွင်း ပြည်သူများ၏ ဘဝအရည်အသွေး ပိုမိုမြင့်မားလာစေရေးအတွက် အာဆီယံ၏ စည်းလုံးညီညွတ်မှု၊ အချက်အချာကျမှုနှင့် အခြေခံစံတန်ဖိုးများကို အဖွဲ့ဝင်နိုင်ငံအားလုံးက အတူတကွ ဆက်လက်ထိန်းသိမ်းမြှင့်တင်သွားကြရန် နိုင်ငံတော်သမ္မတက သဝဏ်လွှာတွင် တိုက်တွန်းပြောကြားသည်။