Eleven Media Group

၂၀၂၆ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် အာဂျင်တီးနားအသင်းကို FIFA စုံစမ်းစစ်ဆေး

Photo: X

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA ) ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအပြီး ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေအတွက် အာဂျင်တီးနားအသင်းကို စုံစမ်းစစ်ဆေးမှုပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။
ဇူလိုင် ၁၉ ရက်က နယူးယောက်မြို့ရှိ MetLife Stadium မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ စပိန်အသင်းက အာဂျင်တီးနားအသင်းကို အချိန်ပိုမှာ (၁-၀) ဂိုးနဲ့ အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
ယင်းပွဲအပြီးမှာ အာဂျင်တီးနားအသင်းရဲ့ ကစားသမားတွေအပါအဝင် နည်းပြအဖွဲ့ဝင်တွေနဲ့ စပိန်အသင်းကစားသမားတွေ အပြန်အလှန်တွန်းထိုးမှုများဖြစ်ခဲ့ကြပါတယ်။
ဒါကြောင့် FIFA က ယင်းဖြစ်ရပ်တွေကို စုံစမ်းစစ်ဆေးဖို့ စည်းကမ်းပိုင်းနှင့် ကျင့်ဝတ်ဆိုင်ရာ စစ်ဆေးရေးမှူးတစ်ဦး ခန့်အပ်ခဲ့ခြင်းဖြစ်ပါတယ်။
အာဂျင်တီးနားအသင်း ကစားသမားတွေအနက် မိုလီနာ (စွဲချက်နှစ်ခု)၊ ပါရေဒက်စ် စွဲချက်သုံးခု) နှင့် လက်ထောက်နည်းပြ အာယာလာ (စွဲချက်တစ်ခု) တို့မှာ FIFA ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အပိုဒ် ၁၄ အရ စုံစမ်းစစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် မိုလီနာအနေနဲ့ အပိုဒ် ၁၄ အရ အားကစားသမားမပီသတဲ့ အပြုအမူကြောင့် စွဲချက်တစ်ခုနဲ့ ထပ်မံစစ်ဆေးခံရမှာပါ။
အာဂျင်တီးနားအသင်းက အယ်လ်မာဒါနဲ့ စပိန်အသင်းက ဂါဗီတို့လည်း အလားတူစွဲချက်နဲ့ စစ်ဆေးခံရမယ်လို့ သိရပါတယ်။
FIFA စည်းမျဉ်းအရ ကစားသမားတွေနဲ့ တာဝန်ရှိသူတွေအနေနဲ့ အားကစားသမားမပီသတဲ့ အပြုအမူ ကျူးလွန်ပါက အနည်းဆုံး တစ်ပွဲပယ်ပြစ်ဒဏ်နဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ပါက အနည်းဆုံး သုံးပွဲပယ်ပြစ်ဒဏ် ကျခံရမှာဖြစ်ကြောင်း သိရပါတယ်။
အာဂျင်တီးနားဘောလုံးအဖွဲ့ ချုပ်(AFA) မှာလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကာလတစ်လျှောက် စည်းမျဉ်းအပိုဒ် ၁၃ (အားကစားပြိုင်ပွဲများတွင် အားကစားနှင့် မသက်ဆိုင်သည့်လုပ်ရပ် ပြုလုပ်ခြင်း)၊ အပိုဒ် ၁၄ (အသင်းလိုက်စည်းမျဉ်းချိုးဖောက်ခြင်း)၊ အပိုဒ် ၁၅ (ခွဲခြားဆက်ဆံခြင်းနှင့် လူမျိုးရေးခွဲခြားခြင်း)၊ အပိုဒ် ၁၇ (ပွဲစဉ်များ၌ သတ်မှတ်ထားသည့်စည်းကမ်းနှင့် လုံခြုံရေးဆိုင်ရာ စည်းမျဉ်းချိုးဖောက်ခြင်း) ကျူးလွန်ခြင်းတွေအတွက် စုံစမ်းစစ်ဆေးခံရမှာဖြစ်ကြောင်း သိရပါတယ်။ အာဂျင်တီးနားအသင်း ကစားသမားတွေဟာ အင်္ဂလန်အသင်းကို အနိုင်ရတဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်အပြီးမှာ '' ဖောက်ကလန်ကျွန်းမှာ အာဂျင်တီးနားအပိုင်ဖြစ်သည်'' လို့ အဓိပ္ပာယ်ရတဲ့ စာတန်းကို ကိုင်ဆောင်အောင်ပွဲခံခဲ့ခြင်းအတွက် အပိုဒ် ၁၃ အရ အရေးယူခံရဖွယ်ရှိပြီး ပွဲစတင်ချိန်နောက်ကျခြင်း၊ ပရိသတ်များက ကွင်းအတွင်းသို့ ပစ္စည်းများဖြင့်ပစ်ပေါက်ခြင်း၊ လူမျိုးရေးခွဲခြားမှုအပါအဝင် ခွဲခြားဆက်ဆံမှုပြုလုပ်ခြင်းအတွက်လည်း အရေးယူခံရဖွယ်ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group