
ချယ်လ်ဆီးအသင်းဟာ ဒီနွေရာသီမှာ (၇)ဦးမြောက်ကစားသမားသစ်အဖြစ် စထရာဘိုးအသင်းက အာဂျင်တီးနားကွင်းလယ်ကစားသမား ဘာကိုကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဘာကိုအတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်း ပေးချေခဲ့ရပြီး ၂၀၃၃ ခုနှစ်အထိ သက်တမ်းရှိတဲ့ (၇)နှစ်စာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ဘာကို(၂၁ နှစ်)ဟာ ပြီးခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့အတူ ဆင်နွှဲခွင့်ရခဲ့ပြီး ဂျော်ဒန်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။
အင်္ဂလန်နဲ့ပွဲမှာ ကစားခွင့်မရခဲ့ပေမဲ့ ပွဲအပြီးမှာ ပြိုင်ဘက်ကစားသမားတွေကြားထဲ ပြေးလွှားအောင်ပွဲခံခဲ့တာကြောင့် ဘယ်လင်ဂမ်က ခေါင်းကိုရိုက်တာ ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘာကိုက ဘရိုက်တန်အသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၅ နွေရာသီမှာမှ စထရာဘိုးအသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့တာပါ။
ဘာကိုက စထရာဘိုးအသင်းအတွက် ပြိုင်ပွဲစုံ(၅၈)ပွဲကစားခဲ့ရာမှာ (၃)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု(၁၁)ကြိမ် ပြုလုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ချယ်လ်ဆီးနဲ့ စထရာဘိုုးတို့က ပိုင်ရှင်တူအသင်းတွေဖြစ်တာကြောင့် နှစ်သင်းကြားအပြောင်းအရွှေ့ဖြစ်ပေါ်မှု များပြားနေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။