
ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က မန်ယူအသင်းကို ပြန်ရောက်သွားတဲ့ အင်္ဂလန်တိုက်စစ်ကစားသမား ရပ်ရှ်ဖို့ဒ်ကို မိမိရော ဘာစီလိုနာအသင်းပါ လွမ်းနေမယ်လို့ ပြောကြားခဲ့ပါတယ်။
ရပ်ရှ်ဖို့ဒ်က ပြီးခဲ့တဲ့ရာသီမှာ မန်ယူကနေ ဘာစီလိုနာအသင်းကို အငှားနဲ့ လာကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဟန်ဆီဖလစ်ခ်က အခုလို ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
''အငှားခေါ်ယူတဲ့ ကစားသမားတွေနဲ့ ဘာတွေဖြစ်သလဲဆိုတာ ခင်ဗျားတို့ မသိပါဘူး။ ဒီကိစ္စအတွက် ကျွန်တော်တို့ရဲ့အခြေအနေက မလွယ်ကူပါဘူး။ ဒါပေမဲ့ ကျွန်တော် သူနဲ့ အလုပ်တွဲလုပ်ရတာကို သဘောကျပါတယ်။ သူက ကစားသမားကောင်းတစ်ယောက်၊ လူကောင်းတစ်ယောက်ပါ။ အသင်းက သူ့ကို လွမ်းနေမှာပါ။ ကျွန်တော်လည်း လွမ်းနေမှာပါ။ ဒါပေမဲ့ ဒါဟာ ဘဝပါပဲ'' လို့ ဟန်ဆီဖလစ်ခ်က ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာအသင်းက ရပ်ရှ်ဖို့ဒ်ကို ယူရိုသန်း(၃၀) ဝန်းကျင်နဲ့ ခေါ်ယူနိုင်တဲ့ အခွင့်အရေးရှိခဲ့ပေမဲ့ မြင့်မားတဲ့လစာနှုန်းထားကြောင့် မခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ရပ်ရှ်ဖို့ဒ်က မန်ယူအသင်းနဲ့ ပြန်လည်ပူးပေါင်းရမှာဖြစ်ပေမဲ့ အသင်းမှာ ဆက်ရှိမလား၊ ရောင်းထုတ်ခံရမလားဆိုတာတော့ မသေချာသေးကြောင်း သိရပါတယ်။