Eleven Media Group

ရီးယဲလ်ဂိုးသမား ဖရန်ဂွန်ဇာလက်ဇ်ကို ဆီဗီလာအသင်း ခေါ်ယူ

Photo: X

ဆီဗီလာအသင်းဟာ ရီးယဲလ်အသင်းက စပိန်ယူ-၂၁ ဂိုးသမား ဖရန်ဂွန်ဇာလက်ဇ်ကို ခေါ်ယူလိုက်ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းက ဖရန်ဂွန်ဇာလက်ဇ်အတွက် ပြောင်းရွှေ့ကြေး ယူရို(၃)သန်းသာ ရရှိမှာဖြစ်ပေမဲ့ ကစားသမားရဲ့ Economic Rights (၅၀)ရာခိုင်နှုန်းကို ဆက်လက်ပိုင်ဆိုင်ထားမှာဖြစ်သလို၊ ယူရို(၃)သန်းနဲ့(၅)သန်းကြား ပမာဏနဲ့ ပြန်လည်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်း ရယူထားကြောင်း သိရပါတယ်။
ဖရန်ဂွန်ဇာလက်ဇ်(၂၁ နှစ်)က ရီးယဲလ်အသင်းအတွက် (၁)ပွဲသာ ကစားခွင့်ရဖူးပေမဲ့ အလားအလာရှိတဲ့ ဂိုးသမားတစ်ဦးဖြစ်တာကြောင့် ရီးယဲလ်အသင်းက အဲဒီလိုသဘောတူညီမှုတွေ ရယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။
''ဖရန်ဂွန်ဇာလက်ဇ်က အသက်(၁၇)နှစ်အရွယ်၊ ၂၀၂၂ ခုနှစ်မှာ ရီးယဲလ်မက်ဒရစ်နဲ့ လက်တွဲခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ ပထမအသင်းအတွက် ပွဲထွက်ခဲ့ပါတယ်။ ရီးယဲလ်မက်ဒရစ်က သူ့အိမ်အဖြစ် အမြဲရှိသွားမှာပါ။ ဖရန်ဂွန်ဇာလက်ဇ်ရော သူ့မိသားစုပါ ဘဝစာမျက်နှာအသစ်မှာ အကောင်းဆုံးဖြစ်ပါစေလို့ ကျွန်တော်တို့ ကလပ်အသင်းက ဆန္ဒပြုပါတယ်'' လို့ ရီးယဲလ်အသင်းက ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။
ဖရန်ဂွန်ဇာလက်ဇ်က နယ်သာလန်မှာ လေ့ကျင့်မှုပြုလုပ်နေတဲ့ ဆီဗီလာအသင်းနဲ့ သွားရောက်ပူးပေါင်းနေပြီဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group