
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အနေဖြင့် ထိုင်းနိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခြင်းလည်းဖြစ်သည်။
ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ထိုင်းနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ ဆွေးနွေးပွဲကျင်းပပြုလုပ်ခြင်း၊ ထိုင်းနိုင်ငံအမျိုးသားလွှတ်တော်ယာယီဥက္ကဋ္ဌနှင့် တွေ့ဆုံခြင်းတို့အပြင် စီးပွားရေးအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များကိုလည်း လက်ခံတွေ့ဆုံသွားမည်ဖြစ်ပြီး စီးပွားရေးဖိုရမ်သို့ တက်ရောက်သွားရန်ရှိကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ခရီးစဉ်အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေးကိစ္စရပ်များ၊ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။
အဆိုပါခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။