Eleven Media Group

NSPNC နှင့် UWSP တို့ နေပြည်တော်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ နေပြည်တော်တွင် ဩဂုတ် ၃ ရက်က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် "ဝ"ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) တို့ နေပြည်တော်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဩဂုတ် ၃ ရက်မှ ၄ ရက်အထိ နှစ်ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၃ ရက်တွင်‌ ဆွေးနွေးပွဲ၌ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ UWSP ၏ နိုင်ငံရေးလိုလားချက်များအား ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးကိစ္စရပ်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ UWSP ဘက်က ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်း၊ ၁၇၁ စစ်ဒေသ နိုင်ငံရေးမှူး ဦးထင်ဆမ်ရုန်း(ခ)အားဖူ၊ တပ်မဟာ ၄၈၅ တပ်မဟာမှူး ဦးပေါက်ကျွင်းလုံ၊ တပ်မဟာ ၄၆၈ နိုင်ငံရေးမှူး ဦးကျောက်ရှောက်ဖူ၊ ဒုတိယစစ်ဦးစီးမှူး ဦးလီကော်ဖျင်၊ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးကျောက်ညီရမ်းတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ် ချုပ်ကြီးရာပြည့်က UWSP နှင့် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးအခင်းအကျင်းများ ရရှိလာရေးအတွက် အသေးစိတ်ဆက်လက်ဆွေးနွေးပေးစေလိုသည်ဟု ပြောကြားခဲ့သည်။

UWSP ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်းကလည်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နိုင်ငံတော်သမ္မတရာထူးတာဝန်ထမ်းဆောင်ခြင်းကို ထပ်လောင်းဂုဏ်ပြုခဲ့ပြီး ပြည်ထောင်စုမပြိုကွဲရေးဟူသော အခြေခံမူကို တစ်စိုက်မတ်မတ်စောင့်ထိန်းကာ ပြည်ထောင်စုစနစ်အတွင်းအခြေပြု၍ နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုး တက်ရေးအပေါ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများဖြင့်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့ပြင် နိုင်ငံတော်အစိုးရက ရှေ့ဆက်လက် ဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထောက်ခံပြီး သဘောထားကွဲလွဲမှုများကိုဖြေရှင်းရန်အမြဲလိုက်နာကျင့် သုံးလျက်ရှိသည်ဟု ဦးကျောက်ကော်အန်းက ဆိုသည်။

ထို့အတူ ပြည်သူလူထု၏ လုံခြုံမှုကို အခြေခံအုတ်မြစ်အဖြစ် ခိုင်မာစေကာ မူးယစ်ဆေးဝါး၊ အွန်လိုင်းလိမ်လည်မှုစသည့် အမျိုးမျိုးသောပြစ်မှုဆိုင်ရာများကို ပြင်းပြင်းထန်ထန်တိုက်ဖျက်နှိမ်နင်းသွားမည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့နောက် NSPNC ကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း(ငြိမ်း)က UWSP ၏ နိုင်ငံရေးလိုလားချက်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်နိုင်မည့်အစီအမံများ၊ ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး(ငြိမ်း) က နိုင်ငံတော်အစိုးရရှေ့ဆက်ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့် မြတ်ရေးလုပ်ငန်းစဉ်တွင်ပိုမိုပါဝင်နိုင်သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာမူဘောင်အား ရှင်းလင်းပြောကြားခဲ့ကြပြီး တက်ရောက်လာသူများက ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကိုဆွေးနွေးခဲ့ကြသည်။

ထို့အတူ ကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က NSPNC နှင့် UWSP ကြားဆက်သွယ်ရေးလမ်း ကြောင်းတစ်ခုထားရှိခြင်းဖြင့် ကျန်းမာ ရေး၊ ပညာရေး၊ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အကောင်အထည်ဖော်မှုအပေါ် ပိုမိုအထောက်အကူဖြစ်စေပြီး ရေရှည်တည်တံ့ခိုင်မြဲသောငြိမ်းချမ်းရေးသို့ ဦးတည်ရောက်ရှိစေနိုင်မည်ဖြစ်၍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုအပေါ်အခြေခံပြီး လက်တွေ့ကျသည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်နိုင်ရေးတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ (NSPNC) ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် "ဝ" အဖွဲ့ (UWSA) တို့ ပန်ဆန်းမြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

UWSA ၏ ထုတ်ပြန်ချက်အရ တွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ကို အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group