Eleven Media Group

■ စစ်မှုထမ်းကြေး ကောက်ခံပြီး စစ်မှုထမ်းရန် လူဝယ်ယူနေရသဖြင့် လူမှောင်ခိုဂိုဏ်ကြီးသဖွယ် ဖြစ်ပွားနေရခြင်းနှင့်ပတ်သက်၍  မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်း

စစ်မှုထမ်းကြေး ကောက်ခံပြီး စစ်မှုထမ်းရန် လူဝယ်ယူနေရသဖြင့် လူမှောင်ခိုဂိုဏ်ကြီးသဖွယ် ဖြစ်ပွားနေရခြင်းနှင့်ပတ်သက်၍ မန္တလေးတိုင်းလွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သတင်းရရှိသည်။

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေးကျင်းပသည့် ပထမနေ့ သြဂုတ် ၄ ရက်တွင် ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးကိုကိုထွေးက " ပြည်သူ့စစ်မှုထမ်းများကို မြို့နယ်အလိုက် လူဦးရေအချိုးနှင့် စနစ်တကျဆင့်ခေါ်နိုင်ရေး" နှင့်စပ်လျဉ်းသည့် မေးခွန်းတွင် ထည့်သွင်းမေးမြန်းချက်အရ သိရသည်။

" ကျွန်တော်များ ချမ်းအေးသာစံမြို့နယ်တွင် ယခုစစ်မှုထမ်းနိုင်သော လူဦးရေ ၁၈၀၀၀ ခန့်ရှိပြီး တစ်ခြားမြို့နယ်များမှ ၂၀၀၀၀၊ ၃၀၀၀၀၊ ၄၀၀၀၀ ထိ စာရင်းရှိနေသော်လည်း တစ်လလျှင် ဆင့်ခေါ်သည့်အရေအတွက်မှာ ၄၅ ဦးစီသာဖြစ်သဖြင့် မညီမျှကြောင်း၊ ပြန်လည်စိစစ်ရန်နှင့် မဲနှိုက်ရွေးချယ်ချထားမှုများမှာလည်း မြေပြင်အခြေနေများနှင့် လွဲမှားနေကြောင်း၊ ထို့ပြင် ရပ်ကွက်အတွင်း စစ်မှုထမ်းကြေးဟူ၍ စတင်ဆင့်ခေါ်ချိန်မှ စတင်ကောက်ခံနေခဲ့သဖြင့် ငွေကြေးပြသနာများ၊ အဂတိများဖြစ်ပွားနေရကြောင်း၊ ကောက်ခံရရှိသည့်ငွေများဖြင့် စစ်မှုထမ်းရန် လူဝယ်ယူနေရသဖြင့် လူမှောင်ခိုဂိုဏ်ကြီးသဖွယ်ဖြစ်ပွားနေရပါသောကြောင့် မန္တလေးမြို့ခံလူငယ်များနှင့် နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများအနေဖြင့် နောက်ကျောမလုံရတော့ပါကြာင်း၊ သို့ဖြစ်ပါ၍ အမှန်တကယ် မိမိမြို့နယ်အိမ်ထောင်စုစာရင်းပေါက်သူများသာ လက်ခံသင့်ကြောင်းနှင့် နိုင်ငံသားတိုင်း နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရမည်မှာ မလွဲဧကန်ဖြစ်ပါသဖြင့် ဆင်းရဲ၊ ချမ်းသာ လူမျိုး ဘာသာမရွေး ထမ်းဆောင်ရန် ဆင့်ခေါ်နိုင်ရေးအတွက် မေးမြန်းလိုပါကြောင်း" ဟု မေးခွန်းမေးမြန်းခဲ့သည်။

မေးခွန်းနှင့်ပတ်သက်ပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက " ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ သတ်မှတ်ချက်များအတွင်း အကျုံးဝင်သူ အမျိုးသားအားလုံးကို ဆင့်ခေါ်လျက်ရှိပြီး နယ်မြေဒေသအားလုံးမှ ပြည်သူ့စစ်မှုထမ်းရန် ကိုက်ညီသူအားလုံးကို တစ်ပြိုင်ထဲ တစ်ပြေးညီအင်အား အချိုးကျခေါ်ယူခြင်းမျိုးမဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် အကျုံးဝင်လူဦးရေပေါ် မူတည်ပြီးလည်းကောင်း၊ လူဦးရေ အစိပ်၊ အကျဲ၊ နယ်မြေဒေသ အေးချမ်းမှုအခြေနေ၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပေါ် မူတည်ပြီး ပြည်သူလူထု ဝန်ထုတ်ဝန်ပိုးမဖြစ်အောင် အလေးထား စီမံဆောင်ရွက်နေပါကြောင်း၊ ဆင့်ခေါ်သည့်အရေအတွက်မှ ရာခိုင်နှုန်းအလိုက် အချိုးကျတွက်ချက်ပြီး အပတ်စဉ်အလိုက် တစ်မြို့နယ်လျှင် ရပ်ကွက်အလိုက် အများဆုံး ၂ ဦးသာ ခွဲတမ်းချ၍ ခေါ်ယူခြင်းဖြစ်ကြောင်း၊ ဆင့်ခေါ်ရာတွင်လည်း ကိုယ်တိုင်ဆန္ဒပြုသူများကိုသာ ဦးစားပေးခေါ်ဆောင်ကြောင်း၊ စစ်မှုထမ်းတာဝန်ရှောင်လွှဲရန် ရည်ရွယ်ချက်ရှိသူများအနေဖြင့် တစ်ခြားသော အရပ်ဒေသများသို့ ရှောင်လွှဲအလုပ်လုပ်ကိုင်ခြင်း၊ ပြည်ပသို့ တရားမဝင်သွားရောက်ခြင်း စသည့် နည်းလမ်းအမျိုးမျိုးတို့ဖြင့် လုပ်ဆောင်နေသည်ကို တွေ့ရသဖြင့် ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး စစ်မှုထမ်းပြန်လည်ထမ်းဆောင်ပါမည်ဟု ကိုယ်တိုင်ကတိခံဝန်ချက်ဖြင့် အဆင့်ဆင့်ပြန်တင်ပြလာပါက အမှုပိတ်သိမ်းဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိသည်" ဟု ဖြေကြားခဲ့သည်။

ဒုတိယပုံမှန်အစည်းအဝေး ဇွန်လ ၁၀ ရက်ကလည်း ချမ်းအေးသာစံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးကိုကိုထွေးမှပင် မန္တလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် လူကုန်ကူးမှုသဖွယ် ခေါ်ဆောင်ခြင်းခံနေရသကဲ့သို့ ငွေကြေးဖြင့် ပြန်လည်ရွေးချယ်ခံနေရမှုနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မေးမြန်းခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — Eleven Media Group