
ဩဂုတ် - ၁၄ ( သောကြာနေ့ )
မိုက်ခရိုဆော့ဖ် ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့တဲ့ သူဌေးကြီး ဘီလ်ဂိတ်ရဲ့ သမီးဖြစ်သူ ဖိုဘီဂိတ်ဟာ သူနဲ့ စတန်ဖို့ဒ် တက္ကသိုလ်တုန်းက အတူတက်ခဲ့တဲ့ ဆိုဖီယာကီယန်နီ တို့ ပူးတွဲတည်ထောင်ထားတဲ့ ဈေးဝယ်ရေး startup ကုမ္ပဏီမှာ “ကွစ်ကီးလိမ်ထည့်မှု” လို့ခေါ်တဲ့ နည်းလမ်းကို သိသိကြီးနဲ့ အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ ဘလွန်းဘာဂ် သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီနည်းလမ်းကြောင့် ကုမ္ပဏီဟာ သူတို့က ကုန်ပစ္စည်းတွေကို တကယ်တမ်း ရောင်းချအောင် လုပ်ပေးခဲ့တာမဟုတ်တဲ့ ပစ္စည်းရောင်းအားတွေအတွက်ပါ ကော်မရှင်ကြေးတွေ ရယူနိုင်ခဲ့တယ် လို့ ဆိုပါတယ်။
ဖီယာ လို့ခေါ်တဲ့ အဲဒီကုမ္ပဏီကတော့ ဈေးဝယ်တဲ့အခါ အသုံးပြုနိုင်တဲ့ စျေးသက်သာတဲ့ ပစ္စည်းတွေ၊ လျှော့ဈေးကုဒ် တွေကို ရှာပေးတဲ့ ဒစ်ဂျစ်တယ် ဈေးဝယ်အကူတစ်ခုအဖြစ် မိတ်ဆက်ထားတာပါ။ ဖိုဘီ က သူ့အဖေ ဘီလျံနာကြီး ဘီလ်ဂိတ် ရဲ့ အရှိန်အဝါကို အသုံးချပြီး အခွင့်အရေးရတဲ့ “သူဌေးသမီး” ဆိုတဲ့ သတ်မှတ်ချက်မျိုး မခံချင်ဘူးဆိုပြီး သူ့လုပ်ငန်းဟာ ဖခင်ဖြစ်သူနဲ့ မသက်ဆိုင်ဘဲ ကိုယ်တိုင်လွတ်လွတ်လပ်လပ် တည်ဆောက်ထားတာလို့ ပုံဖော်ဖို့ ကြိုးစားခဲ့ပါတယ်။
ဒါပေမယ့် ဖီယာကုမ္ပဏီ က စတင်ပြီး ရင်းနှီးမြှုပ်နှံငွေ ရှာတဲ့ ပထမအကြိမ်မှာပဲ ဆီလီကွန်ဗေလီ က နာမည်ကြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ အနုပညာရှင်၊ နာမည်ကျော်တွေထံက ဒေါ်လာသန်းပေါင်းများစွာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘီလ်ဂိတ် ကိုယ်တိုင်လည်း ဖီယာ ကို လူသိများအောင် ကြော်ငြာပေးခဲ့တယ် လို့ ဖော်ပြထားပါတယ်။
ဒီကုမ္ပဏီနဲ့ပတ်သက်ပြီး အခုလို အငြင်းပွားစရာတွေ ဖြစ်လာတာကတော့ ပြီးခဲ့တဲ့လကစတာပါ။ ဘလွန်ဘာဂ် က ဖော်ပြခဲ့တာအရ ဖီယာ ရဲ့ ဘရောက်ဇာကနေ အွန်လိုင်း ပစ္စည်းဝယ်ယူတဲ့အခါ ခြေရာခံအတုပြုလုပ်မှု ကွစ်ကီး တွေကို အလိုအလျောက် ထည့်ပေးနေခဲ့တယ် လို့ ဆိုပါတယ်။ အဲဒီလိုလုပ်တာကြောင့် ဝယ်ယူသူတွေက ဖီယာ ရဲ့ ကူပွန်ကုဒ် ဒါမှမဟုတ် လင့်ခ် ကို အသုံးမပြုခဲ့ရင်တောင် ဖီယာအနေနဲ့ အဲဒီဝယ်ယူမှုကနေ ကော်မရှင်ကြေး ရပိုင်ခွင့်ရှိသလို ဖြစ်သွားပါတယ်။
ဒီလိုနည်းနဲ့ ကိုယ်တကယ် ရောင်းချမှုမှာ ပါဝင်ပေးထားတာမဟုတ်ဘဲ ခွင့်ပြုမှုအတု ရအောင် ခြေရယခံမှုအတု ကွစ်ကီး တွေကို မသိမသာ ထည့်သွင်းတာကို “ကွစ်ကီးလိမ်ထည့်မှု” လို့ ခေါ်ပါတယ်။ ဒီလုပ်ရပ်ဟာ အခြေအနေ အရ အမေရိကန်ဖက်ဒရယ်ဥပဒေအရ အွန်လိုင်းဆက်သွယ်ရေးကို အသုံးပြုပြီး လိမ်လည်မှု ကျူးလွန်တဲ့ အဖြစ် သတ်မှတ်ခံရနိုင်ပါတယ်။ အဲဒီလို အမှုနဲ့ ပြစ်ဒဏ်ချမှတ်ခံရရင် အများဆုံး ထောင်ဒဏ် ၂၀ နှစ်အထိ ချမှတ်နိုင်ပါတယ်။
REF: RT
#News #Myanmar