
နေပြည်တော်၊ ဩဂုတ် ၁၄
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဘဏ်များတွင် ပြည်သူများစုဆောင်းထားသော အပ်နှံငွေများကို နိုင်ငံအတွက်အကျိုးဖြစ်ထွန်းစေမည့် ရင်းနှီးမြှုပ်နှံမှုနှင့် ထုတ်လုပ်မှုကဏ္ဍများသို့ ထိရောက်စွာ စီးဆင်းရောက်ရှိစေရေးသည် ဘဏ်လုပ်ငန်းကဏ္ဍ၏ အရေးကြီးသည့် လုပ်ငန်းဆောင်ရွက်ချက်တစ်ခုဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ခြင်းအားဖြင့် ဘဏ်များအနေဖြင့် Financial Intermediary ဖြစ်ရုံသာမက နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုမြှင့်တင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့အတွက်အရေးပါပြီး တန်ဖိုးရှိသည့် မောင်းနှင်အားတစ်ရပ်အဖြစ် ဆက်လက်ရပ်တည်နိုင်မည်ဖြစ်ကြောင်း ယမန်နေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နေပြည်တော်၌ကျင်းပသည့် ဘဏ်များက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ MSME လုပ်ငန်းများသို့ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်းသည့် အစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
ထို့ပြင် ဘဏ်များအနေဖြင့် ပြည်သူများ၏ အပ်နှံငွေများကိုလက်ခံပြီး စီးပွားရေးလုပ်ငန်းများသို့ ချေးငွေအဖြစ် ပြန်လည်ခွဲဝေထုတ်ချေးပေးရခြင်းဖြစ်သည့်အတွက် အဆိုပါချေးငွေ၏ ဆုံးရှုံးနိုင်ခြေကို လျှော့ချနိုင်ရေးနှင့် အရည်အသွေးကောင်းမွန်သည့် Quality Loan များ ဖြစ်ပေါ်စေရေးသည်လည်း အရေးကြီးကြောင်း၊ ချေးငွေ၏ အရည်အသွေးနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းကို အလေးထားစောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့ပြီး ဘဏ်များအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ယခုဘဏ္ဍာရေးနှစ်မှစတင်၍ ပိုမိုထိရောက်စွာ ရင်းနှီးမြှုပ်နှံရေးနှင့် ချေးငွေထုတ်ချေးပေးနိုင်ရေးအတွက် ထိရောက်စွာအကောင်အထည်ဖော် ဆောင်ရွက်ရမည့် နည်းလမ်းများကို ဦးစားပေးကဏ္ဍတစ်ခုချင်းစီအလိုက် မှာကြားသည်။
ထို့နောက် တက်ရောက်လာသည့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူများက တွေ့ကြုံရသည့် အခက်အခဲများ၊ ၎င်းတို့၏ ငွေကြေးရန်ပုံငွေဖြင့်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်မည့် အစီအစဉ်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြရာ မြန်မာနိုင်ငံတော်ဗဟို ဘဏ်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
#News #Myanmar