Popular Myanmar

ရန်ကုန်စီးတီးအသင်း ထိုင်းလိဂ်-၃ ကလပ် VRN Muangnont နှင့် ခြေစမ်းပွဲယှဉ်ပြိုင်

ရန်ကုန်၊ ဩဂုတ် – ၁၄

မြန်မာလိဂ် ဘောလုံးရာသီသစ်အတွက် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရန်ကုန်စီးတီးအသင်းသည် ထိုင်းလိဂ်-၃ ကလပ် VRN Muangnont အသင်းနှင့် သတ္တမမြောက် ခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေစမ်းပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ပြီး အသင်းနှစ်သင်းအကြား သဘောတူညီချက်အရ မိနစ် ၃၀ စီဖြင့် လေးပိုင်းခွဲကာ စုစုပေါင်း မိနစ် ၁၂၀ ကြာ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ယင်းသို့ ယှဉ်ပြိုင်ရာတွင် ရန်ကုန်စီးတီးအသင်းက နှစ်ပိုင်းအနိုင်ရရှိခဲ့ပြီး တစ်ပိုင်းသရေကျခဲ့ကာ VRN Muangnont အသင်းက တစ်ပိုင်းအနိုင်ရရှိခဲ့သည်။

ရန်ကုန်စီးတီးအသင်းသည် မြန်မာလိဂ်ရာသီသစ်အတွက် အသင်းအင်အားတည်ဆောက်နိုင်ရေးနှင့် ကစားသမားများ၏ ကြံ့ခိုင်မှုနှင့် ခြေစွမ်းပိုင်း ပိုမိုကောင်းမွန်လာစေရေးတို့အတွက် ရည်ရွယ်၍ ထိုင်းနိုင်ငံ၌ တစ်လကြာ လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၌ လေ့ကျင့်ပြင်ဆင်နေစဉ်အတွင်း ရန်ကုန်စီးတီးအသင်းသည် အသင်း၏ နည်းစနစ်ပိုင်းနှင့် ကစားသမားများ၏ ပွဲအတွေ့အကြုံ တိုးတက်စေရန် ထိုင်းကလပ်အသင်းများအပါအဝင် ပြည်ပကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ဆက်လက်ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — Popular Myanmar