ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့အတွက် စက်တင်ဘာလဆန်းမှာ ကမ္ဘောဒီးယားနိုင်ငံကို တရားဝင် အလည်အပတ်ခရီးစဉ် သွားရောက်မှာ ဖြစ်ပါတယ်။
ဒီခရီးစဉ်သတင်းကို ကမ္ဘောဒီးယား အထက်လွှတ်တော်က အတည်ပြုထားပါတယ်။ နန်းတော်ရေးရာဝန်ကြီး Kuy Sophal နဲ့ အမျိုးသားနဲ့ နိုင်ငံတကာ ပွဲတော်များ ကျင်းပရေး ကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌနဲ့ အထွေထွေအတွင်းရေးမှူး Chin Ketna တို့ဟာ ဦးမင်းအောင်လှိုင်ကို ကြိုဆိုဖို့အတွက် ပြင်ဆင်ထားတဲ့ နေရာတွေကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြတယ်လို့ သိရပါတယ်။
အထက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ပြောရေးဆိုခွင့်ရှိသူ Chea Thyrith က The Phnom Penh Post သတင်းစာကို ပြောကြားရာမှာ မြန်မာခေါင်းဆောင်ရဲ့ ခရီးစဉ်ဟာ “ကမ္ဘောဒီးယားနဲ့ မြန်မာ နှစ်နိုင်ငံကြား ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေဖို့” ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် “နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုဟာ လိုအပ်ပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိစေတယ်” လို့လည်း ဖြည့်စွက်ပြောခဲ့ပါတယ်။
ကမ္ဘောဒီးယား အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အင်စတီကျု ဥက္ကဋ္ဌ Kin Phea ကလဲ ဒီခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ခိုင်မာစေဖို့ နှစ်ဖက်စလုံးရဲ့ ကြိုးပမ်းမှု ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဋ္ဌ တာဝန်ယူစဉ်က မြန်မာ့အရေး ပြေလည်စေဖို့ ကူညီပေးဖို့ ကြိုးစားခဲ့ဖူးတာကိုလည်း သူကထောက်ပြခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားအနေနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ သူတို့ရဲ့ အတိတ်က သင်ခန်းစာတွေကို မျှဝေပေးနိုင်ကြောင်းနဲ့ ဒီလို ကြိုးပမ်းမှုတွေဟာ ပြင်ပဖိအားတွေထက် မြန်မာနိုင်ငံတွင်း ကာယကံရှင်တွေရဲ့ လုပ်ဆောင်မှုအပေါ် အဓိက မူတည်တယ်လို့လည်း သူကဆိုပါတယ်။
Source : The Phnom Penh Post